တာချီလိတ်မြို့တွင် ဇူလိုင်လ(၃)ရက်နေ့၏ တစ်နေ့တာအတွင်း Covid-19  အတည်ပြုလူနာ (၁၀)ဦးတိုး၍ (၆)ရက်အတွင်း စုစုပေါင်း (၄၅)ဦး ရှိနေ

တာချီလိတ်မြို့တွင် ဇူလိုင်လ(၃)ရက်နေ့၏ တစ်နေ့တာအတွင်း Covid-19  အတည်ပြုလူနာ (၁၀)ဦးတိုး၍ (၆)ရက်အတွင်း စုစုပေါင်း (၄၅)ဦး ရှိနေ
ဇူလိုင် 3, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၃)ရက်နေ့  ညပိုင်းအထိ တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၁၀)ဦး ထပ်တိုးသည့်အတွက် (၆)ရက်အတွင်း Covid-19 အတည်ပြုလူနာ (၄၅)ဦးအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

ယနေ့ စစ်ဆေးတွေ့ရှိရသည့် (၁၀)ဦးတွင် အမျိုးသား (၄)ဦး နှင့် အမျိုးသမီး (၆)ဦးတို့ ပါဝင်ပြီး အတည်ပြုလူနာများနှင့် ထိတွေ့သူများ ပါဝင်သလို မိမိဆန္ဒအလျောက် ဆေးရုံဟောင်းသို့ လာရောက်၍ စစ်ဆေးရာမှာ ပိုးတွေ့သူများ ပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် အတည်ပြုလူနာများကို လူနာအခြေအနေပေါ်မူတည်၍ တာချီလိတ်ဆေးရုံဟောင်းအတွင်းရှိ သီးသန့်ကုသဆောင်နှင့် မိုးကုတ်တရားရိပ်သာတို့တွင် ခွဲ၍ ထားရှိကြောင်း သိရသည်။

တာချီလိတ်မြို့၏ Covid-19 တတိယလှိုင်းမစတင်မီ ဇွန်လအစပိုင်းက သတ်မှတ်ရက်များဖြင့်သာ တာချီလိတ်ဆေးရုံဟောင်းတွင် Covid-19 စစ်ဆေးပေးနေသော်လည်း ယခုအခါမှာ ကူးစက်မှုများလာနေပြီး KTV နှင့် အခြားနေရာများကနေ ကူးစက်လာမှုများရှိသည့်အတွက် မိမိကိုယ်ကိုယ် Covid-19 နှင့် ပတ်သက်၍ သံသယရှိသူများ လာရောက်စစ်ဆေးနိုင်ရန်အတွက် ပိတ်ရက်မရှိ နံနက်(၈)နာရီကစ၍ စစ်ဆေးခ ကျပ်(၁၀,၀၀၀)သတ်မှတ်ကာ စစ်ဆေးပေးနေကြောင်း သိရသည်။



တာချီလိတ်မြို့တွင် ၂၀၂၁ခုနှစ် ဇွန်လ(၂၈)နေ့က စတင်ကာ ဇူလိုင်လ(၃)ရက်နေ့အထိ Covid-19 ပိုး တွေ့ရှိထားသူ (၄၅)ဦးအထိ ရှိထားပြီး အများစုမှာ KTV နှင့် Club တို့ကို သွားလာခဲ့ပြီး တဆင့် ထိတွေ့သူများ ဖြစ်ကြောင်း သိရသည်။