တာချီလိတ်မြို့တွင် Covid-19 ပိုးတွေ့ရသူ အမျိုးသမီး တစ်ဦး ထွက်ပြေး

တာချီလိတ်မြို့တွင် Covid-19 ပိုးတွေ့ရသူ အမျိုးသမီး တစ်ဦး ထွက်ပြေး
ဇူလိုင် 31, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၃၁)ရက်နေ့၌ ဆေးရုံဟောင်းအတွင်းသို့ Covid-19 လာရောက်စစ်ဆေးရာမှ ပိုးတွေ့ရသူ အမျိုးသမီးတစ်ဦးသည် ဆေးရုံကား စောင့်နေစဉ် ထွက်ပြေးသွားကြောင်း သိရသည်။

ထွက်ပြေးသွားသူမှာ အသက်(၁၉)နှစ်အရွယ်ရှိ မထက်ပန်းဖြူဆိုသူ ဖြစ်ပြီး ၎င်းသည် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက် (၅)လမ်းအတွင်း၌ နေထိုင်သူဖြစ်ကြောင်း သိရသည့်အတွက် သက်ဆိုင်ရာမှ ၎င်း၏ ဖုန်းသို့ဆက်သွယ်၍ မရသည့်အခါမှာ နေအိမ်သို့ သွားရောက် ရှာဖွေသော်လည်း မတွေ့ရကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဆေးရုံဟောင်းအတွင်း၌ Covid-19 လာရောက် စစ်ဆေးစဉ် ပိုးတွေ့ကြောင်း သိရပြီးနောက် လူနာတင်ယာဉ် လာခေါ်သည်ကို မစောင့်တော့ဘဲ ထွက်ပြေးသွားသည်မှာ ယခုဆိုလျှင် (၃)ဦးမြောက်ဖြစ်ပြီး ပထမတစ်ဦးမှာ ဇူလိုင်လ(၆)ရက်နေ့က အမျိုးသားတစ်ဦး၊ ဇူလိုင်လ(၂၉)ရက်နေ့က အမျိုးသားတစ်ဦး နှင့် ယနေ့ ဇူလိုင်လ(၃၁)ရက်နေ့တွင် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြပြီး ၎င်းတို့အား ရှာဖွေတွေ့ရှိရပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ယနေ့ ဇူလိုင်လ(၃၁)ရက်နေ့အထိ Covid-19 ကူးစက်ခံရသူ (၁၃၀၀)နီးပါးအထိ ရှိနေကြောင်း သိရသည်။