လာအိုနိုင်ငံရောက် မြန်မာနိုင်ငံသား (၁၃၁)ဦး တာချီလိတ်မှ တဆင့် နေရပ်ပြန်

လာအိုနိုင်ငံရောက် မြန်မာနိုင်ငံသား (၁၃၁)ဦး တာချီလိတ်မှ တဆင့် နေရပ်ပြန်
မေ 8, 2020
By Tachileik News Agency
လာအိုနိုင်ငံရောက် မြန်မာနိုင်ငံသား (၁၃၁)ဦး တာချီလိတ်မှ တဆင့် နေရပ်ပြန်

လာအိုနိုင်ငံ၊ ဘိုကီယိုပြည်နယ်တွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာလုပ်သား (၁၃၁) ဦး ၂၀၂၀ ခုနှစ်၊ မေလ (၈)ရက်နေ့က တာချီလိတ်မြို့နယ်၊ ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် နေရပ်အသီးအသီးပြန်နိုင်ရန် လာအိုနိုင်ငံ၊ မိုင်းမောဆိပ်ကမ်းဘက်တွင် မြန်မာတာဝန်ရှိသူများက သွားရောက်လက်ခံပေးသည်။

လာအိုဘက်မှာ အလုပ် သွားလုပ်တဲ့ မြန်မာနိုင်ငံသား (၁၃၀) ကျော်ကို လက်ခံနေတာပါ။ သူတို့ကို နေရပ်ကို ချက်ချင်းပြန်နိုင်အောင် စီစဉ်ပေးထားပြီးတော့ သူတို့နေရပ်ဒေသမှာပဲ Quarantine ဝင်ကြရမှာဖြစ်ပါတယ်။ သူတို့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်ကို စာရင်းပေးပို့ထားပြီးဖြစ်လို့  နောက်ထပ်ပြန်ချင်တဲ့သူတွေရှိရင်တော့ နိုင်ငံခြားရေးဌာနကို တင်ပြပြီး ပြည်နယ်ညွှန်ကြားချက်နဲ့ လက်ခံသွားမှာဖြစ်ပါတယ်

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လာအိုနိုင်ငံအတွင်းမှ နေရပ်ပြန်ရန်အတွက် စာရင်းပေးထားသူမှာ (၁၇၇)ဦးရှိသော်လည်း လုပ်အားခ မရသေးသူများရှိနေသေးသည့်အတွက် လူဦီးရေ(၄၀)ကျော် ကျန်နေခဲ့ကြောင်း သိရသည်။

ပြန်ဖို့တော့ စာရင်းပေးထားတယ်ပေါ့နော်၊ လက်ရှိ ပြန်တဲ့အချိန်နဲ့ သူတို့ လုပ်ကိုင်ထားတဲ့ လုပ်အားခ လစာလေးတွေ နေ့စားလေးတွေ မရကြတဲ့ အခက်အခဲလေးတွေကြောင့် သူတို့တွေ ကျန်ခဲ့တာ ရှိပါတယ်။ ကျန်ခဲ့တာကို တွက်ကြည့်မယ်ဆိုရင် (၄၀)ကျော်လောက်ရှိမယ်၊

ဟု လာအိုနိုင်ငံမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများ၏ စာရင်းများကို ကောက်ယူပေးနေသည့် ကိုသိန်းမင်းဌေးက ပြောသည်။

နေရပ်ပြန် ကလေးငယ်များ အပါအဝင် အမျိုးသား (၇၈) ဦးနှင့် အမျိုးသမီး (၅၃) ဦး စုစုပေါင်း (၁၃၁) ဦးကို ဘိုကီယိုပြည်နယ်၊ တုန်ဖိန်းမြို့နယ်အုပ်ချုပ်ရေးမှူး ခင်ဖစ်ဘွန်ခန်ကျန် နှင့် တာဝန်ရှိသူများက မော်တော်ယာဉ်များဖြင့် လာအိုဘက်ခြမ်းရှိ မိုင်းမောဆိပ်ကမ်းတွင်  လွှဲပြောင်းပေးရာ တာချီလိတ် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော နှင့် တာဝန်ရှိသူများက လွှဲပြောင်းမှုကို လက်ခံပေးခဲ့ကြခြင်း ဖြစ်သည်။

ဘိုကီယိုပြည်နယ်ဘက်ရှိ ကာစီနိုနှင့် အခြားလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာများအနက် နေရပ်ပြန်လိုသူများအား လာအိုရောက် မြန်မာလူမှုကူညီရေးလုပ်ငန်း လုပ်ကိုင်သူများ အကူအညီဖြင့် သောက်ရင်းမူး စားသောက်ဆိုင်တွင် ကောက်ယူကာ တာချီလိတ်ခရိုင်နှင့် ဘိုကီယိုပြည်နယ်မှ တာဝန်ရှိသူများ ချိတ်ဆက်ကာ သက်ဆိုင်ရာ ခွင့်ပြုချက်များဖြင့် ပြန်လည်လက်ခံခဲ့ကြခြင်းဖြစ်သည်။

နေရပ်ပြန်မြန်မာများအား တာချီလိတ်ဘက်ရှိ ဝမ်ပုံဆိပ်ကမ်း၌ ကျန်းမာရေးစစ်ဆေးခြင်း၊ နိုင်ငံသားစိစစ်ခြင်း၊ လုံခြုံရေးစစ်ဆေးခြင်းများ ပြုလုပ်ပြီးနောက် ဒေသအလိုက် လိုက်လံပို့ဆောင်မည့် မော်တော်ယာဉ်များဖြင့် ဒေသအသီးသီးသို့ ပြန်ပို့ပေးထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~