ကိုရိုနာဗိုင်းရပ်စ်ကြောင့် တာချီလိတ်ရှိ ဟိုတယ်အချို့က တရုတ်နိုင်ငံသားများ တည်းခိုခြင်းကို ဧပြီလကုန်အထိ ကန့်သတ်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တာချီလိတ်ရှိ ဟိုတယ်အချို့က တရုတ်နိုင်ငံသားများ တည်းခိုခြင်းကို ဧပြီလကုန်အထိ ကန့်သတ်
မတ် 16, 2020
By Tachileik News Agency
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တာချီလိတ်ရှိ ဟိုတယ်အချို့က တရုတ်နိုင်ငံသားများ တည်းခိုခြင်းကို ဧပြီလကုန်အထိ ကန့်သတ်

တရုတ်နိုင်ငံသား အများအပြား နှင့် နိုင်ငံခြားသားများ ဝင်ထွက်သွားလာနေသည့် နယ်စပ်ဒေသ တာချီလိတ်တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဉီးစီးဌာန နှင့် ကျန်းမာရေးဌာနက ညွှန်ကြားထားခြင်း မရှိသေးသော်လည်း ဟိုတယ်အချို့က တရုတ်နိုင်ငံသားများ လာရောက် တည်းခိုခြင်းကို ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ဧပြီလကုန်အထိ ကန့်သတ်ထားလိုက်ကြောင်း သိရသည်။

လက်မခံရတဲ့ အကြောင်းရင်းကတော့ ရောဂါဖြစ်တဲ့ နိုင်ငံတွေက ဝင်လာတဲ့ လူတွေ ဖြစ်နေလို့ပါ
ပြီး​တော့ တာချီလိတ်မှာ သံသယ လူနာတွေ့တဲ့ အတွက် စိတ်ပူပါတယ်။ နယ်စပ်ဒေသ ဖြစ်လို့  ပို စိတ်ပူပါတယ်။ ဘယ်အချိန်ထိ လက်မခံမှာလဲဆိုတာတော့ ဧပြီလ ကုန်လောက်အထိ မှန်းပါတယ်၊ သက်ဆိုင်ရာဝန်ကြီးဌာန ရဲ့ တရားဝင် စာကိုလည်း စောင့်နေပါတယ်

ဟု ဟိုတယ်တစ်ခု၏ တာဝန်ရှိသူက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၁၆)ရက်နေ့တွင် ပြောသည်။

ဟိုတယ်သို့ လာရောက်တည်းခိုသည့် မြန်မာနိုင်ငံသားများက လွဲ၍ နိုင်ငံခြားသားများတွင် တရုတ်နိုင်ငံသားများသည် ဟိုတယ်ဧည့်ကြိုကောင်တာမှ ကိုယ်အပူချိန်တိုင်းတာသည်ကို လက်မခံဘဲ ငြင်းဆန်မှုများလည်းရှိသည့်အတွက် ယခုလို ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ ဟိုတယ်မှာက ကိုယ်ပူတိုင်း ကိရိယာ နဲ့ သေချာတိုင်းပါတယ် ။ တချို့တွေ အတိုင်းမခံဘူး။ ကိုယ်ပူတာတွေ့ရင်လည်း ဆေးရုံပို့ပေးမယ် ဆိုတာကို လက်မခံချင်တဲ့ အပြုအမူတွေ တွေ့ရပါတယ်။ ဒီနိုင်ငံကို ဝင်လာပြီးရင် ဒီနိုင်ငံရဲ့ ချမှတ်ထားတဲ့ စည်းကမ်းတွေလိုက်နာရမှာပါ။ လာလည်းလာချင်တယ် စည်းကမ်းလည်း မလိုက်နာ နာနိုင်ဘူးဆိုရင် အဲ့တော့ဝင်မလာသင့်ပါဘူးပေါ့

ဟု ဟိုတယ်တာဝန်ရှိသူက ပြောသည်။

တာချီလိတ်မြို့ပေါ်ရှိ ဟိုတယ်တစ်ခုတွင် တရုတ်နိုင်ငံသားတစ်ဉီးအား စောင့်ကြည့်လူနာအဖြစ် ၂၀၂၀ခုနှစ် မတ်လ(၁၆)ရက်နေ့တွင် သတ်မှတ်ထားသည့်အတွက် ဟိုတယ်အချို့ကလည်း စိုးရိမ်နေကြခြင်း ဖြစ်သည်။

ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီဌာနက ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၁၆) ရက်နေ့တွင် ပေးပို့သော ညွှန်ကြားစာ၌ COVID 19(ကိုရိုနာဗိုင်းရပ်စ်)ကြိုတင်ကာကွယ်ရေးအတွက်  ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသတွင်းရှိ ဌာနလိုင်စင်ဖြင့် လုပ်ငန်းဆောင်ရွက်နေသည့် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာများတွင် လာရောက်သည့်ဧည့်သည်များကို Non-Contact Thermometer များအသုံးပြု၍ ကျန်းမာရေး စစ်ဆေးမှုမျာ းဆောင်ရွက်စေရန်နှင့် သံသယလူနာများတွေ့ရှိပါက ကျန်းမာရေးဌာနသို့ အချိန်နှင့်တပြေးညီ သတင်းပေးပို့ရန် အကြောင်းကြားလာသဖြင့် မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(ရွှေတြိဂံဇုန်)မှ အလုပ်အမှုဆောင်များမှ တဆင့် တာချီလိတ်ရှိ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာများကို ထပ်ဆင့်ဖြန့်ဝေခိုင်းထားကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာ စုစုပေါင်း (၅၄) လုံးရှိပြီး COVID 19(ကိုရိုနာဗိုင်းရပ်စ်)နှင့် ပတ်သက်သည့် အသိပညာပေးဗီနိုင်း (၂) ခုကို အများမြင်သာသည့် နေရာတွင် ချိတ်ဆွဲထားရှိပြီး Non-Contact Thermometer များ အသုံးပြုပြီး ကျန်းမာရေးစစ်ဆေးမှုများလုပ်ဆောင်ရန် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီဌာနက  ညွှန်ကြားလာသည့်အတွက် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုရိပ်သာများက လိုက်နာဆောင်ရွက်ထားသော်လည်း နိုင်ငံခြားသား ဧည့်သည်အချို့မှ ကိုယ်အပူချိန်တိုင်းသည်ကို လက်မခံချင်ကြောင်း သိရသည်။

Tachileik News Agency

ဆက်စပ်သတင်း

တာချီလိတ်တွင် ကိုရိုနာစောင့်ကြည့်လူနာသတ်မှတ်ထားသည့် တရုတ်နိုင်ငံသားတစ်ဦး ဆေးရုံလိုက်ရန် ငြင်းဆန်နေ၍ သံရုံးအကူအညီတောင်းခံထားရ

တာချီလိတ်တွင် ကိုရိုနာစောင့်ကြည့်လူနာသတ်မှတ်သည့် တရုတ်နိုင်ငံသားများကို ဆေးရုံသို့လိုက်ရန် (၃) နာရီကြာ ဖျောင်းဖြခေါ်ဆောင်ထားရ

တာချီလိတ်ပြည်သူ့ဆေးရုံတွင် ကိုရိုနာစောင့်ကြည့်လူနာ (၂)ဦး ရောက်ရှိ

တာချီလိတ်တွင် ကိုရိုနာစောင့်ကြည့်လူနာနှင့် အနီးကပ်ရှိခဲ့သူများကို ဓါတ်ခွဲခန်းအဖြေထွက်သည်အထိ စောင့်ကြည့်စစ်ဆေးထားမည်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~