တာချီလိတ်တွင် ကိုရိုနာစောင့်ကြည့်လူနာသတ်မှတ်ထားသည့် တရုတ်နိုင်ငံသားတစ်ဦး ဆေးရုံလိုက်ရန် ငြင်းဆန်နေ၍ သံရုံးအကူအညီတောင်းခံထားရ

တာချီလိတ်တွင် ကိုရိုနာစောင့်ကြည့်လူနာသတ်မှတ်ထားသည့် တရုတ်နိုင်ငံသားတစ်ဦး ဆေးရုံလိုက်ရန် ငြင်းဆန်နေ၍ သံရုံးအကူအညီတောင်းခံထားရ
မတ် 16, 2020
By 🌸

တာချီလိတ်တွင် ကိုရိုနာစောင့်ကြည့်လူနာသတ်မှတ်ထားသည့် တရုတ်နိုင်ငံသားတစ်ဦး ဆေးရုံလိုက်ရန် ငြင်းဆန်နေ၍ သံရုံးအကူအညီတောင်းခံထားရ

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ရန် သံသယရှိ တရုတ်နိုင်ငံသားအား ဆေးရုံသို့ခေါ်ဆောင်သည်ကို ငြင်းဆန်နေသဖြင့် တရုတ်သံရုံးကို အကူအညီတောင်းခံထားကြောင်း သိရသည်။

“တရုတ်သံရုံးကို ဖုန်းဆက်ပြီး သူ့နိုင်ငံကူးလက်မှတ်ပို့ပြီး တရုတ်သံရုံးက အော်ဒါထုတ်မှ ရတော့မယ် ထင်တယ်။ အခု အဲဒါလုပ်နေပါတယ်”

ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် တာချီလိတ်မြို့ရှိ ကျန်းမာရေးဌာနအပြင် ခရိုင်ရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသွားရဲတပ်ဖွဲ့၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများသည် စောင့်ကြည့်လူနာ တည်းခိုရာဟိုတယ်တွင် ရောက်ရှိနေကြပြီး ဆေးရုံသို့ စောင့်ကြည့်လူနာအား ခေါ်ဆောင်နိုင်ရန် နေ့လယ် (၁၁)နာရီခွဲကျော်အထိ ကြိုးစားနေကြဆဲဖြစ်သည်။

တရုတ်နိုင်ငံ ကူမင်းမြို့မှလာည့် တရုတ်အမျိုးသား (၂) ဦးသည် တာချီလိတ်မြို့ ဟိုတယ်တစ်ခု၌ တည်းခို နေထိုင်စဉ် မတ်လ (၁၅) ရက်နေ့၌ ဟိုတယ်က ကိုယ်အပူချိန် တိုင်းတာစစ်ဆေးရာ (၃၈) ဒီဂရီစင်တီဂရိတ ်ကျော်နေသဖြင့် ဆေးရုံပို့ရန် တိုက်တွန်းစဉ် ငြင်းဆန်ပြီး ဟိုတယ်မှ ထွက်သွားကြသဖြင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ချိတ်ဆက်ရှာဖွေရာ အခြားဟိုတယ်တစ်ခုတွင် သွားရောက်တည်းခိုနေသည်ကို တွေ့ခဲ့ရခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ထမ်းများက ၎င်းတို့တည်းခိုရာဟိုတယ်သို့ သွားရောက်ပြီး ကိုယ်အပူချိန် တိုင်းတာခြင်း၊ ရောဂါလက္ခဏာများ စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြပြီးနောက် ကိုယ်အပူချိန်မြင့်နေသည့် တရုတ်နိုင်ငံသားမှာ ချောင်းဆိုးခြင်း၊ ဖျားနာခြင်းစသည့် ကိုရိုနာသံသယလက္ခဏာများ မတွေ့ရသဖြင့်  ဟိုတယ်တွင် ပုံမှန်စောင့်ကြည့်ရန် မတ်လ (၁၅)ရက်နေ့ညက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် အဆိုပါ တရုတ်နိုင်ငံသားများသည် ကိုရိုနာဖြစ်ပွားမှုမြင့်မားသည့် တရုတ်နိုင်ငံမှ လာသည့်ကာလမှာ (၁၄)ရက် မကျော်သေးသည့်အတွက် သီးခြားစောင့်ကြည့်ရန် မတ်လ (၁၆)ရက်နေ့၌ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုယ်အပူချိန်မြင့်နေသည့် တရုတ်နိုင်ငံသားကို ဆေးရုံရှိ သီးခြားစောင့်ကြည့်ကုသရေးခန်းတွင် ထားရှိကာ ကျန်တစ်ဦးကို ဓါတ်ခွဲခန်းအဖြေရသည်အထိ သီးခြားစောင့်ကြည့်ထားမည်ဖြစ်သည့်အပြင် ကိုယ်အပူချိန်မြင့် တရုတ်နိုင်ငံသားနှင့် ထိတွေ့ခဲ့သူအားလုံးကို နေအိမ်၌ သီးခြားနေထိုင်စေမည်ဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့မှ မတ်လ (၁၀)ရက်နေ့တွင် စတင်ထွက်ခွာလာပြီး မန်စီမြို့မှတစ်ဆင့် မန္တလေးမြို့သို့ မတ်လ (၁၁)ရက်နေ့တွင်လည်းကောင်း၊ မန္တလေးမြို့မှ တာချီလိတ်မြို့သို့ မတ်လ (၁၂)ရက်နေ့တွင်လည်းကောင်း ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း -ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~