ပြည်သူများ၏ ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ကျိုင်းတုံမြို့တွင် စော်ဘွားဈေးနေ့ မကျင်းပတော့ကြောင်း ဆုံးဖြတ်

ပြည်သူများ၏ ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ကျိုင်းတုံမြို့တွင် စော်ဘွားဈေးနေ့ မကျင်းပတော့ကြောင်း ဆုံးဖြတ်
ဖေဖော်ဝါရီ 25, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် ဈေးဟောင်းနေ့ (စော်ဘွားဈေးနေ့)ကို  ၂၀၂၁ခုနှစ် မတ်လ(၁)ရက်နေ့၌ ရိုးရာမပျက်ကျင်းပရန် စီစဉ်ထားသော်လည်း စစ်အာဏာသိမ်းထားသည့်ကာလဖြစ်၍ မကျင်းပသင့်ကြောင်း ပြည်သူများ၏ ဝေဖန်သံများ ထွက်ပေါ်လာပြီးနောက် မကျင်းပတော့ရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။ 

" မြို့မိမြို့ဖလူကြီးတွေက လူထုစကားကို နားထောင်ပြီး ဒီကာလကတော့ မလုပ်သင့်ဘူးဆိုပြီး မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်လို့ ပြောလာပါတယ်"ဟု မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ(၂၅)ရက်နေ့တွင် ပြောသည်။ 

ကျိုင်းတုံမြို့တွင် စော်ဘွားဈေးနေ့အဖြစ် နှစ်စဉ် ရက်တစ်ရက်ကို သတ်မှတ်ကျင်းပလေ့ရှိပြီး အဆိုပါဈေးနေ့တွင်  ကျိုင်းတုံမြို့မဈေးအား ပိတ်ထားပြီး ဈေးသည်များအားလုံးက စော်ဘွားဈေးတွင် လာရောက်ရောင်းချလေ့ရှိခြင်းဖြစ်သည်။

စော်ဘွားဈေးနေ့မှာ မင်္ဂလာဖြင့်ပြည့်စုံသည့်နေ့ကို ရွေးချယ်ထားခြင်းဖြစ်၍ လာရောက်ဝယ်ယူသူများအနေဖြင့် စီးပွားရေး၊ ကျန်းမာရေးကောင်းမွန်စေသည်ဟု ယုံကြည်လေ့ရှိကြသည်။ 



Tachileik News Agency