အငြိမ်းစား နိုင်ငံဝန်ထမ်းများအတွက် (၃)နှစ်အတွင်း အိမ်ခန်းပေါင်း (၈၄၀၀)ကျော် ရောင်းချပေးထား

အငြိမ်းစား နိုင်ငံဝန်ထမ်းများအတွက် (၃)နှစ်အတွင်း အိမ်ခန်းပေါင်း (၈၄၀၀)ကျော် ရောင်းချပေးထား
နိုဝင်ဘာ 5, 2019
By 🌸


အငြိမ်းစား နိုင်ငံဝန်ထမ်းများအတွက် (၃)နှစ်အတွင်း အိမ်ခန်းပေါင်း (၈၄၀၀)ကျော် ရောင်းချပေးထား
ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့ကြီးများတွင် ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအတွက် အပြီးအပိုင်ရောင်းချမည့်အိမ်ရာများမှ စုစုပေါင်း အိမ်ခန်း (၈၄၁၆) ခန်း ရောင်းချ ပေးထားပြီး အတိုးနှုန်းသက်သာသည့် နှစ်ရှည်အိမ်ရာ ချေးငွေစနစ်ဖြင့် ချိတ်ဆက်ဝယ်ယူနိုင်ရန် စီစဉ်ပေးနေကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ ဘဝနေထိုင်ရေးအဆင်ပြေစေရန် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန်အတွက် ဝန်ထမ်းများအား စစ်တမ်းကောက်ယူထားမှု အခြေအနေ၊ အကောင် အထည်ဖော် ပြီးစီးမှုရာခိုင်နှုန်းနှင့် မည်သည့်ကာလတွင် ဝန်ထမ်းများလက်ဝယ်သို့ ပေးအပ်နိုင်မည်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၄) ရက်နေ့တွင် ပြုလုပ်သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာ မေးမြန်းခဲ့ခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြေကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ဝင်ငွေနည်းပြည်သူများအတွက် ဝယ်ယူနိုင်စွမ်းရှိစေမည့် အရောင်းအိမ်ရာများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်ပြီး တန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းများကို နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအကြား အချိုးကျခွဲဝေရောင်းချပေးလျက်ရှိသည်ဟု သိရသည်။

နေပြည်တော်ကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ (၁၅) ဘီလီယံဖြင့် အငှားအိမ်ရာအခန်းပေါင်း (၈၁၂)ခန်း တည်ဆောက်ပေးခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နေပြည်တော်၌ အခန်းပေါင်း (၁၂၀) ထပ်မံတည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် တန်ဖိုးနည်းအိမ်ရာများတည်ဆောက်ခြင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီး၊  ပြည်နယ်အစိုးရအဖွဲ့အသီးသီးတွင်လည်း နိုင်ငံ့ဝန်ထမ်းအငှားအိမ်ရာ စီမံကိန်းများကို တိုင်းဒေသကြီး၊  ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောက်လုပ်နေကြောင်း သိရသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ (၃) နှစ်အတွင်း အငြိမ်းစားယူကြမည့် နိုင်ငံ့ဝန်ထမ်းများအတွက် အပြီးအပိုင်ရောင်းအိမ်ရာများ ဆောက်လုပ်နိုင်ရန် အိမ်ရာလိုအပ်ချက်မေးခွန်းလွှာများကို ၂၀၁၇ ခုနှစ်တွင် ဝန်ကြီးဌာနများသို့ ဖြန့်ဝေပေးပို့ပြီး စစ်တမ်းများ ကောက်ယူခဲ့ရာ တစ်နှစ်လျှင် အငြိမ်းစားယူမည့် နိုင်ငံ့ဝန်ထမ်းဦးရေ(၂၀၀၀၀) ကျော်ရှိပြီး ယင်းတို့အနက် သုံးပုံနှစ်ပုံခန့်မှာ အိမ်ခန်းဝယ်ယူလိုသည့်အတွက် အိမ်ရာလိုအပ်ချက်ပေါင်း တစ်နှစ်လျှင် (၁၃၀၀၀) ယူနစ်ကျော် ဆောက်လုပ်ပေးရမည်ဖြစ်ကြောင်းသိရသည်။

ယင်းတို့အနက် အများစုသည် အိမ်ရာချေးငွေနှင့် ဝယ်ယူလိုခြင်းဖြစ်ပြီး အငြိမ်းစားယူချိန်တွင် အခြေချနေထိုင်လိုသည့် မြို့များမှာ ရန်ကုန်မြို့တွင် (၁၀၈၁၉) ဦး၊ မန္တလေးမြို့တွင် (၃၆၆၃) ဦး၊ နေပြည်တော်တွင် (၁၁၂၅) ဦးနှင့် အခြားမြို့များကိုလည်း ဆန္ဒပြုထားကြသည်ကို စစ်တမ်းတွင် ဖေါ်ပြထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -အမျိုးသားလွှတ်တော်

ဆက်စပ်သတင်းများ

  1. ကျပ်(၂၅၀၀၀)ဖြင့် ငှားရမ်းပေးမည့် တာချီလိတ်မြို့မှ ပြည်သူ့အငှားအိမ်ရာတွင် ဇူလိုင်လ(၂၂)ရက်နေ့အထိ လျှောက်ထားသူ (၈၀)ကျော်ရှိ
  2. တာချီလိတ်မြို့တွင် အိမ်ငှါးရမ်းနေထိုင်သူ မည်သူမဆို ကျပ်(၂၅၀၀၀)ဖြင့် ငှါးရမ်းနေထိုင်နိုင်မည့် အငှါးအိမ်ရာများအတွက် သြဂုတ်လ(၁၂)ရက်နေ့အထိ လျှောက်ထားနိုင်


 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net