အာဏာသိမ်းခံရသည့် မြန်မာ့အရေးအတွက် အာဆီယံက ကြားဝင်ညှိနှိုင်းနိုင်မည့် နည်းလမ်းရှာနေ

 အာဏာသိမ်းခံရသည့် မြန်မာ့အရေးအတွက် အာဆီယံက ကြားဝင်ညှိနှိုင်းနိုင်မည့် နည်းလမ်းရှာနေ

 အာဏာသိမ်းခံရသည့် မြန်မာ့အရေးအတွက် အာဆီယံက ကြားဝင်ညှိနှိုင်းနိုင်မည့် နည်းလမ်းရှာနေ

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအကူးအပြောင်းလမ်းကြောင်း ရှာနိုင်ရေးအတွက် အာဏာသိမ်းစစ်တပ်နှင့် အတိုက်အခံတို့ တွေ့ဆုံညှိနှိုင်းနိုင်ရေးအပါအဝင် အာဆီယံအနေဖြင့် ကြားဝင်ဆောင်ရွက်နိုင်မည့် နည်းလမ်းများစွာကို အင်ဒိုနီးရှားနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ဆွေးနွေးနေသည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အင်ဒိုနီးရှားက မြန်မာ့အာဏာသိမ်းစစ်တပ်က ပြောထားသည့် ရွေးကောက်ပွဲပြန်လည် ကျင်းပမည်ဆိုသည်ကို ကတိအတိုင်းဆောင်ရွက်ခြင်းရှိ၊ မရှိစောင့်ကြည့်ရန် အာဆီယံနိုင်ငံများအား တိုက်တွန်းမည်ဆိုသည့် သတင်းကြောင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်သည့် မြန်မာလူထုက အင်ဒိုနီးရှားသံရုံးရှေ့တွင် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့က ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။

မြန်မာလူထုက ဆန့်ကျင်ကြောင်းသတင်းများ ထွက်လာပြီးနောက် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ရွေးကောက်ပွဲပြန်လည်ကျင်းပရေးကို တိုက်တွန်းခြင်းမဟုတ်ဘဲ မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအနေဖြင့် ကြားဝင်ဆောင်ရွက်နိုင်မည့် လမ်းကြောင်းများ ရှာဖွေစဉ်းစားမှုမှ တစ်ခုသာဖြစ်သည်ဟု ဖေဖေါ်ဝါရီလ (၂၃)ရက်နေ့၌ အင်ဒိုနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လာခြင်းဖြစ်သည်။



ယင်းအပြင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိမည်ဟုလည်း သတင်းများထွက်ပေါ်နေသည်ကို တွေ့ရသည်။



မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။



မြန်မာနိုင်ငံတွင် စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာသိမ်းလိုက်ပြီး နိုင်ငံအား အရေးပေါ်အခြေအနေ (၁) နှစ်ကြေညာကာ နောက်ထပ် ရွေးကောက်ပွဲ ပြန်ကျင်းပမည်ဟု ဆိုထားသော်လည်း မည်သည့်နေ့တွင် ကျင်းပမည်ကို ပြောကြားထားခြင်းမရှိပေ။



ပြည်သူများရွေးကောက်ထားသည့် အစိုးရအား ဖမ်းဆီးပြီး စစ်အာဏာသိမ်းလိုက်ခြင်းကို လက်မခံကြောင်း နိုင်ငံတဝန်းမှ ပြည်သူများက ငြိမ်းချမ်းသည့် နည်းလမ်းပေါင်းစုံဖြင့် ဆန္ဒထုတ်ဖေါ်နေကြသည်။

Tachileik News Agency

Source: rappler