မောင်တောတွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲများစိပ်လာ၊ အရေးပေါ်ကိစ္စမရှိလျှင် စစ်ကောင်စီဂိတ်များဘက်မသွားရန် AA သတိပေး

မောင်တောတွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲများစိပ်လာ၊ အရေးပေါ်ကိစ္စမရှိလျှင် စစ်ကောင်စီဂိတ်များဘက်မသွားရန် AA သတိပေး
သြဂုတ် 23, 2022 | နိုင်ငံရေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ် နှင့် စစ်ရေးတင်းမာမှုကြောင့် တိုက်ပွဲများစိပ်လာပြီး တိုက်ပွဲများ တစ်ရက်ထက်တစ်ရက် ပိုမိုမြင့်မားလာခြင်းကြောင့် ပြည်သူများ သတိထားသွားလာကြရန် ရက္ခိုင့်တပ်တော် AA က ယနေ့ဩဂုတ်လ ၂၃ ရက်နေ့တွင် သတိပေး သတင်းထုတ်ပြန်လာသည်။

လက်ရှိအခြေအနေအရ အရေးပေါ်ကိစ္စ၊ ကျန်းမာရေးကိစ္စများမဟုတ်လျှင် စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ နယ်ခြားစောင့်တပ်ဖွဲများ အခြေပြုထားသည့် နေရာများ၊ ဂိတ်စခန်းချစစ်ဆေးသည့်နေရာများ၊ ပုံမှန်သွားလာနေကြသည့်နေရာများဘက်သို့ သွားလာခြင်း မပြုကြရန်လည်း သတိပေးထားသည်။

မဖြစ်မနေ သွားလာရမည်ဆိုပါက နီးစပ်ရာ AA ဒေသဆိုင်ရာ နိုင်ငံရေးရုံး၊ အုပ်ချုပ်‌ရေးရုံး၊ နယ်မြေရုံးများမှတဆင့် ဆက်သွယ် အသိပြီးမှ သွားလာကြရန်နှင့် နံနက် ၅ နာရီမှ ည ၈ နာရီအတွင်း ဂရုပြုသွားလာကြရန်လည်း အသိပေးထားသည်။

ဒါ့အပြင် စစ်ကောင်စီတပ်၏ ခရီးသွားလာခွင့်ပိတ်ထားသောလုပ်ရပ်၊ ညမထွက်ရအမိန့်များကြောင့် ဒေသခံပြည်သူများ အခက်အခဲ အကြပ်အတည်း မဖြစ်စေရရန် ရခိုင်ပြည်သူ့အစိုးရက နည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်းရန်ကြိုးပမ်းလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် စစ်ရပြင်ဆင်မှု၊ လက်နက်ခဲယမ်း၊ စစ်အင်အားတိုးချဲ့မှုနှင့်အတူ စစ်ဆင်ရေးပြုလုပ်မည့် အရိပ်အယောင်များကိုပါ ခပ်စိပ်စိပ် ထပ်မံတွေ့လာရပြီး မြို့နယ်အတွင်း တစ်ရွာ နှင့် တစ်ရွာသွားလာခွင့်များ၊ ရွာအပြင် ထွက်ခွင့်များကို လုံးဝ ပိတ်ပင်ကန့်သတ်ထားသဖြင့် ရိက္ခာပြတ်လပ်၍ အငတ်ဘေးဆိုက်ရန် တမင်ရည်ရွယ်ပြီး အနိုင်ကျင့်လုပ်ဆောင်နေခြင်းမှာ လူသားမျိုးနွယ်အပေါ် ပြစ်မှု ကျူးလွန်နေခြင်းဖြစ်သည်ဟု AA က ဆိုသည်။