တာချီလိတ်တွင် ဟုန့်ပန်းကုမ္ပဏီက လုပ်ပိုင်ခွင့်ရ မြေဧက ၁၀၀ နှင့် ပတ်သက်၍ သုံးပွင့်ဆိုင် ဆွေးနွေး

တာချီလိတ်တွင် ဟုန့်ပန်းကုမ္ပဏီက လုပ်ပိုင်ခွင့်ရ မြေဧက ၁၀၀ နှင့် ပတ်သက်၍ သုံးပွင့်ဆိုင် ဆွေးနွေး
နိုဝင်ဘာ 17, 2019
By 🌸


တာချီလိတ်တွင် ဟုန့်ပန်းကုမ္ပဏီက လုပ်ပိုင်ခွင့်ရ မြေဧက ၁၀၀ နှင့် ပတ်သက်၍ သုံးပွင့်ဆိုင် ဆွေးနွေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဟုန့်ပန်းကုမ္ပဏီက စက်ရုံဆောက်လုပ်ရန် မြေဧက (၁၀၀) ၌ ခြံစည်းရိုးကာရံနေခြင်းကို တောင်သူများက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့ နံနက်ပိုင်းတွင် ခြံစည်းရိုးများ ဖယ်ရှားနေ၍ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးနေကြသည်။

တာချီလိတ်မြို့ စက်မှုဇုန် - ဝမ်ပုံသွားလမ်း ဦးထွန်းအောင်တိုးဂိတ်အနီးရှိ ဧက (၁၀၀) ပေါ်တွင် ရော်ဘာသန့်စင်စက်ရုံ၊ မဂ္ဂနီးစ်သတ္တုသန့်စင်စက်ရုံနှင့် ဝန်ထမ်းအိမ်ယာများ အကောင်အထည်ဖော်မည့် စီမံကိန်းအတွက် ခြံစည်းရိုးကာရံနေခြင်းအား ၂၀၁၉ ခုနှစ် အောက်တိုဘာ (၂၆) ရက်နေ့ ညနေပိုင်းတွင် တောင်သူများက လာရောက်ကန့်ကွက်ကာ အသိပေးဆိုင်းဘုတ်များစိုက်ထူခဲ့ကြသဖြင့် ခြံစည်းရိုးခတ်ခြင်းအား ရပ်ဆိုင်းထားရန် သက်ဆိုင်ရာတာဝန်ရှိသူများက ညွှန်ကြားထားခဲ့ခြင်းဖြစ်သည်။

သက်ဆိုင်ရာဌာနများက တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ မလုပ်ဆောင်နိုင်သေးဘဲဖြစ်နေရာ နိုဝင်ဘာလ (၁၇)ရက်နေ့ နံနက်ပိုင်း၌ တောင်သူများက ခြံစည်းများ  ထပ်မံဖယ်ရှားနေသဖြင့် ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာမင်း၊ ဟုန့်ပန်းကုမ္ပဏီမှ တာဝန်ရှိသူ (၁)ဦးနှင့် တောင်သူများ နေ့လယ် (၁၂)နာရီ မိနစ်(၂၀)ဝန်းကျင်မှစ၍ တွေ့ဆုံဆွေးနွေးနေကြခြင်းဖြစ်သည်။

ဟုန့်ပန်းကုမ္ပဏီက အဆိုပါ မြေဧက (၁၀၀) ကို ၁၉၉၉ ခုနှစ်၊ သြဂုတ် (၁၉) ရက်နေ့တွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ မြေပေးမိန့်အမှတ် (၉၉/၉၉) ဖြင့် ရရှိထားခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခွင့်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာ (၁၂)ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စာအမှတ် ၁၂၇၆၉/ ၇-၂၁၆/ အစရ(ရှမ်း)ဖြင့် ခွင့်ပြုချက်ရထားခြင်းဖြစ်သည်ဟု သိရသည်။

ကုမ္ပဏီက လုပ်ပိုင်ခွင့်ချထားပေးသည့် မြေနေရာတွင် လက်ရှိအချိန်ထိ စိုက်ပျိုးလုပ်ကိုင်နေသည့် တောင်သူများ၏ စိုက်ဧက (၃၃) ဧကရှိနေသဖြင့် ဖယ်ရှားပေးရမည်ဆိုပါက လျော်ကြေးငွေ တစ်ဧက ဘတ် (၁၅) သိန်း (ကျပ်သိန်း ၇၅၀)နှင့် ဘတ်သိန်း (၂၀) (ကျပ်သိန်း ၁၀၀၀) ကြား ပေးလျော်ရန် တောင်သူများက တောင်းဆိုထားပြီး ကုမ္ပဏီက တစ်ဧကလျှင် ကျပ်သိန်း (၁၅၀) ပေးချေရန် ကမ်းလှမ်းထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

ဆက်စပ်သတင်းများ
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net