ကျိုင်းတုံ - မိုင်းဖြတ်ကားလမ်းပေါ်တွင် မူးယစ်ဆေးဝါး အမြောက်အများ နှင့် လက်နက်များဖမ်းမိ

ကျိုင်းတုံ - မိုင်းဖြတ်ကားလမ်းပေါ်တွင် မူးယစ်ဆေးဝါး အမြောက်အများ နှင့် လက်နက်များဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ - မိုင်းဖြတ်ကားလမ်းပေါ် ကျိုင်းတုံမြို့နယ်အတွင်း တာကျောက်ကျေးရွာအနီးတွင် သဲများ တင်ဆောင်ထားသည့် ယာဉ်ပေါ်က မူးယစ်ဆေးဝါး အမြောက်အများနှင့် လက်နက်များ ဖမ်းဆီးရမိကြောင်း သိရသည်။

တာကျောက်ကျေးရွာအနီးတွင် ၂၀၂၁ခုနှစ် ဇွန်လ(၁၈)ရက်နေ့ ညနေပိုင်းက မိုင်းဖြတ်ဘက်က မောင်းနှင်းလာပြီး သဲများတင်ဆောင်ထားသည့် ယာဉ်ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲ​တပ်ဖွဲ့စု(၂၈)ကျိုင်းတုံနှင့် ပူးပေါင်းအဖွဲ့က ရပ်တန့်စစ်ဆေးရှာဖွေရာက မူးယစ်ဆေးဝါးအမြောက်များကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်ပေါ်တွင် သဲအောက်များအတွင်းက ပီနံအိတ် နှင့် ကျောပိုးအိတ်များဖြင့် ထည့်ထားသည့် မက်သာဖက်တမင်း( Methamphetamine ) အိုက်စ်(ice)မူးယစ်ဆေးဝါး စုစုပေါင်း အလေးချိန် (၁,၇၁၀)ကီလိုဂရမ်ဝန်းကျင်ကို တွေ့ရှိ သိမ်းဆည်းရမိသည့်အပြင် 9MMပစ္စတို (၃)လက်တို့ကိုလည်း သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းယီတစ်၊ အားလာ နှင့် ဒီအယ် တို့ (၃)ဦးကို ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ​သော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ထားပြီး ကွင်းဆက်တရားခံများ ဆက်လက် ဖမ်းဆီးရမိ၍ စစ်ကြေားရေးလုပ်ဆောင်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း၌ ၂၀၂၁ခုနှစ် ဇွန်လအတွင်း မူးယစ်ဆေးဝါး အများဆုံး ဖမ်းဆီးရရှိမှုအဖြစ် တာချီလိတ်မြို့တွင် ကျပ်သန်းပေါင်း (၁၀,၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဇွန်လ (၈) ရက်နေ့တွင် လည်းကောင်း၊ ကျိုင်းတုံ - မိုင်းဖြတ်ကားလမ်းပေါ်တွင် ဇွန်လ(၁၈)ရက်နေ့က အိုက်စ်(ice)မူးယစ်ဆေးဝါး စုစုပေါင်း အလေးချိန် (၁၇၁၀)ကီလိုဂရမ်ဝန်းကျင်ကို လည်းကောင်း အသီးသီး ဖမ်းဆီးရမိထားရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါး အမြောက်အများကို ဖမ်းဆီးရမိသော်လည်း နောက်ဆက်တွဲ ကွင်းဆက်များကိုတော့ ဆက်လက်ရှာဖွေ ဖမ်းဆီးရမိလေ့ မရှိကြောင်းလည်း ယခင် ဖြစ်စဉ်များအရသိရသည်။