တာချီလိတ်မြို့ ပါလျှံ(၃)အတွင်း ရဲအဖွဲ့က သေနတ်ပစ်ဖောက် ခြောက်လန့်ပြီး လူငယ် (၂)ဦးကို လိုက်ဖမ်းနေ

တာချီလိတ်မြို့ ပါလျှံ(၃)အတွင်း ရဲအဖွဲ့က သေနတ်ပစ်ဖောက် ခြောက်လန့်ပြီး လူငယ် (၂)ဦးကို လိုက်ဖမ်းနေ
ဇူလိုင် 26, 2021 | ရှမ်းရှေ့

နယ်စပ်ဒေသ၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်အတွင်း ပါလျှံ(၃)တွင် ယနေ့ ၂၀၂၁ခုနှစ် ဇူလိုင်လ(၂၆)ရက်နေ့ ည(၁၀)နာရီခွဲဝန်းကျင်အချိန်က ယူနီဖောင်းဝတ် ရဲတစ်ဦး အပါအဝင်အရပ်ဝတ်ဖြင့် ပြည်သူအဖြစ် ဟန်ဆောင်ထားသည့် တာချီလိတ်ရဲအဖွဲ့က သေနတ်ဖြင့်  ပစ်ဖောက် ခြောက်လန့်ပြီး လူငယ် (၂)ဦးကို လိုက်ဖမ်းနေကြောင်း သိရသည်။

ရဲတစ်ယောက် ယူနီဖောင်းနဲ့၊ အရပ်ဝတ်နဲ့က (၃)ယောက်၊ ရဲယူနီဖောင်းဝတ်ထားတဲ့ တစ်ယောက်က မိုးပေါ်ထောင်ပစ်တာ။ အဲ့ကောင်တွေကို အသေပစ် အသေပစ်လို့ အော်ပြီး လိုက်ကြတာ။ ကောင်လေးတွေ ပြေးတဲ့ နောက်ကိုလဲ လှမ်းပစ်သေးတယ်။ ပထမ(၃)ချက်က မိုးပေါ်၊ နောက်ထပ် ပစ်တာက ပြေးတဲ့ ကောင်လေး(၂)ယောက်ကို လိုက်ပစ်တာ။ ကားနဲ့ဝင်လို့ခက်တဲ့ လမ်းကြိုလမ်းကြားတွေကို ဆိုင်ကယ်နဲ့လူက လိုက်ပတ်ရှာနေတာ

ဟု ရန်အောင်မြေရပ်ကွက်တွင် နေသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ယနေ့ ည(၁၁)နာရီအချိန်တွင် ဆက်သွယ်ပြောကြားလာသည်။

ယနေ့ ည(၁၁)နာရီအချိန်အထိ ပါလျှံ(၃)အတွင်း Vigo ကားအဖြူရောင် တစ်စီး နှင့် Honda Fit ကား  တစ်စီးအပြင် PCX ဆိုင်ကယ် တစ်စီးတို့ဖြင့် လှည့်လည်ရှာဖွေနေလျှက်ရှိကြောင်းသိရသော်လည်း မည်သည့်ကိစ္စကြောင့် လိုက်ဖမ်းသည်ကိုတော့ မသိရသေးပါ။ 

#TachileikNewsAgency