တာချီလိတ်ရှိ ချစ်ကြည်ရေး တံတား(၁)ပေါ်တွင် ထိုင်းဘက်မှ ဝင်လာသူများကို ကျန်းမာရေး စစ်ဆေးနိုင်ရန် အဆောက်အဦး တည်ဆောက်နေ

တာချီလိတ်ရှိ ချစ်ကြည်ရေး တံတား(၁)ပေါ်တွင် ထိုင်းဘက်မှ ဝင်လာသူများကို ကျန်းမာရေး စစ်ဆေးနိုင်ရန် အဆောက်အဦး တည်ဆောက်နေ
ဇွန် 18, 2020
By Tachileik News Agency
တာချီလိတ်ရှိ ချစ်ကြည်ရေး တံတား(၁)ပေါ်တွင် ထိုင်းဘက်မှ ဝင်လာသူများကို ကျန်းမာရေး စစ်ဆေးနိုင်ရန် အဆောက်အဦး တည်ဆောက်နေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)တွင် ထိုင်းနိုင်ငံဘက်မှ တာချီလိတ်ဘက်သို့ ဝင်လာသူများအား ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်မည့် အဆောက်အဦကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လဆန်းပိုင်း၌ အပြီးတည်ဆောက်နေပြီဖြစ်သည်။

အဆိုပါ အဆောက်အဦးကို ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် Greater Mekong Subregion Health Security Project အရ ADG ချေးငွေဖြင့် ဆောက်လုပ်နေခြင်းဖြစ်ပြီး (၁၄) ပေ၊ (၈) ပေ အကျယ်၊ (၁) ထပ်အဆောက်အဦးကို ဇွန်လနောက်ဆုံးပတ်၌ စတင်တည်ဆောက်နေခြင်းဖြစ်သည်။

COVID-19 ကြောင့် မဟုတ်ဘူး။ ဒီအဆောက်အအုံ ဆောက်ဖို့ လုပ်နေတာ (၃) နှစ်လောက်ရှိပြီ။ အခုမှ ခွင့်ပြုချက်ရတာပေါ့။ အရင်က ဗီဇာရဲရုံးမှာ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်နေရတယ်။ အခုက ကျန်းမာရေးဝန်ထမ်းတွေလည်း သီးခြားအဆောက်အအုံနဲ့ စစ်ဆေးလို့ရတာပေါ့။ ဟိုဘက်ကမ်းကလာတဲ့လူတွေ ကူးစက်ရောဂါတွေ၊ ကျန်းမာရေးဆိုင်ရာစစ်ဆေးဖို့အတွက်၊ Fever Clinic လုပ်ဖို့၊ အဓိကကတော့ အဖျားတိုင်းတာပေါ့။ နောက်ပိုင်းကျတော့ ညွှန်ကြားချက်အတိုင်း လုပ်ရမှာပေါ့

ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ (၁၈)ရက်နေ့တွင် ပြောသည်။ 

မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားတွင် သက်ဆိုင်ရာဌာနအသီးသီးအတွက် ဌာနအလိုက်အဆောက်အဦများ ရှိသော်လည်း ထိုင်းဘက်မှ ဝင်လာသူများအား ကျန်းမာရေးစစ်ဆေးရန် ကျန်းမာရေးဦးစီးဌာနအတွက် သီးခြားအဆောက်အဦမရှိသဖြင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၁၄) တာချီလိတ်ရုံးခန်းတွင် ပူးတွဲဆောင်ရွက်နေရခြင်းဖြစ်သည်။

ယင်းကဲ့သို့ဆောင်ရွက်ရာတွင် ကိုယ်အပူချိန်တိုင်းတာသည့် Thermal Scan ထားရှိရန် အခက်အခဲရှိနေ၍ ကျန်းမာရေးဦးစီးဌာနအတွက် သီးခြားအဆောက်အဦတည်ဆောက်ရန် ဘတ်ဂျက်ချထားပေးခြင်းဖြစ်ပြီး ယင်းအဆောက်အဦးပြီးစီးပါက နေ့စဉ် ကျန်းမာရေးဝန်ထမ်း (၂) ဦးဖြင့် စစ်ဆေးမှုများကို  ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်မှဝင်လာသူများအား ကူးစက်ရောဂါစောင့်ကြည့်စစ်ဆေးရေးအတွက် နယ်စပ်တံတား အဝင်နေရာတွင် ထားရှိရမည်ဖြစ်သော်လည်း မြေနေရာမရတော့သည့်အတွက် တံတားအဝင်ဘက်ခြမ်းရှိ အခြားရုံးခန်းအဆောက်အဦများ၏နောက်ဘက် လွတ်နေသည့် မြေနေရာတွင် အဆောက်အဦ ဆောက်လုပ်နေရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၁)မှာ COVID 19 ကာလအတွင်း မတ်လ  (၂၃)ရက်နေ့မှစ၍ နှစ်နိုင်ငံအဝင်အထွက်ကို ယာယီပိတ်ထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ -  MaThandar


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~