မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်ဒေသအတွင်း ကျားမင်းစီမံချက် စတင်

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်ဒေသအတွင်း ကျားမင်းစီမံချက် စတင်
ဖေဖော်ဝါရီ 10, 2020
By Tachileik News Agency
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်ဒေသအတွင်း ကျားမင်းစီမံချက် စတင်

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် တရားမဝင် လောင်းကစားလုပ်ငန်းများ တားဆီးရေးနှင့် ဆက်စပ်မှုခင်းများ ကျဆင်းရေးအတွက် ရဲတပ်ဖွဲ့က ရက်ပေါင်း (၉၀) ကျားမင်းစီမံချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"တရားဥပဒေစိုးမိုးရေး၊ မှုခင်းတွေကျဆင်းရေး၊ ဖြစ်ပွားခဲ့တဲ့ မှုခင်းတွေ ကျဆင်းရေးအတွက်၊ နောက်တစ်ခုက မှုခင်းတွေ ဖြစ်ပွားနိုင်တဲ့ ဆပ်စပ်မှုရှိတဲ့ လောင်းကစားမှုတွေ နှိမ်နှင်းဖို့အတွက် စီမံချက်တစ်ရပ် ချမှတ်ခဲ့ပါတယ်။ ရက်ပေါင်း (၉၀) ဆောင်ရွက်ဖို့ သတ်မှတ်ခဲ့ပါတယ်"ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူးကြီး တင်ဇော်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် ရဲတပ်ဖွဲ့က ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့မှစတင်ပြီး ငါးမန်းဂိမ်းခုံများကို ဖမ်းဆီးပြီး ဟိုတယ်များတွင် လောင်းကစားလုပ်ငန်းများ ဖွင့်လှစ်ထားမှုရှိ၊ မရှိကို ဝင်ရောက်စစ်ဆေးခဲ့သည်ကို တွေ့ရသည်။

တာချီလိတ်ရှိ ဟိုတယ် (၂၉) လုံးတွင် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်းမပြုရန် ရဲတပ်ဖွဲ့က ဟိုတယ်တာဝန်ရှိသူများထံမှ ခံဝန်ကတိရယူထားကြောင်း သိရသည်။

လောင်းကစားလုပ်ငန်းများ ပိတ်ပင်လိုက်သည့် ကာလအတွင်း တာချီလိတ်တွင် မှုခင်းများဖြစ်ပွားမှုမရှိစေရေးအတွက် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ဌာနများပူးပေါင်းပြီး ကျားမင်းစီမံချက်ကို ဆောင်ရွက်မည်ဟု သိရသည်။

"တာချီလိတ်မှာ လောင်းကစားမှုတွေကြောင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်လာနိုင်တဲ့အနေအထား ဖြစ်နေတာကို တွေ့ရှိရပါတယ်။ လောင်းကစားကြောင့် ငွေကြေးဆုံးရှုံးမှုတွေကြောင့် လူပြန်ပေးဆွဲတာတွေ ဖြစ်လာနိုင်တယ်။ လုယက်မှုတွေ ဖြစ်လာနိုင်တယ်။ လောင်းကစားအတွက် ငွေကြေးရရှိဖို့ မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေ ဖြစ်လာနိုင်တယ်"ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူးကြီးတင်ဇော်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင်း မှုခင်းကျဆင်းရေးအတွက် ရပ်ကင်းများ ဆောင်ရွက်ခြင်းအပြင် အထူးအနေဖြင့် ပုန်းထွန်၊ ရန်အောင်မြေ၊ မကာဟိုခမ်းနှင့် ဆန်ဆိုင်း(က)ရပ်ကွက်များ၌ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းပြီး လုံခြုံရေးဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~