မိုင်းယောင်းမြို့နယ်ပညာရေးမှူးက ရာထူးတိုး အပြောင်းအရွေ့ နှင့် ပတ်သက်၍ အပေးအယူပြုလုပ်ပြီး ကျောင်းရွေးချယ် ချထားပေးမှုကြောင့်  ပညာရေးဝန်ထမ်းများက မကျေနပ်

မိုင်းယောင်းမြို့နယ်ပညာရေးမှူးက ရာထူးတိုး အပြောင်းအရွေ့ နှင့် ပတ်သက်၍ အပေးအယူပြုလုပ်ပြီး ကျောင်းရွေးချယ် ချထားပေးမှုကြောင့်  ပညာရေးဝန်ထမ်းများက မကျေနပ်
စက်တင်ဘာ 9, 2023 | ပညာရေး| ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်အတွင်း မိုင်းယောင်းမြို့နယ်ပညာရေးမှူးက ထက်၊လယ်၊မှု ရာထူးတိုးနှင့်အပြောင်း ကိစ္စရပ်များနှင့် ပတ်သက်ပြီး လူမှန်နေရာမှန် ချထားပေးခြင်း မဟုတ်ဘဲ ၎င်းနှင့် အပေးအယူ ပြုလုပ်သူများကိုသာ ဦးစားပေးလုပ်ဆောင်မှုကြောင့် မိုင်းယောင်းပညာရေးဝန်ထမ်းများက မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။

" ဩဂုတ်လ(၃၀)ရက်နေ့ ရက်စွဲနဲ့ ပညာရေးဝန်ထမ်းတွေရဲ့ ရာထူးတိုးအပြောင်း အော်ဒါတွေ ထွက်ပါတယ်။ အဲ့ဒီ အော်ဒါက ဝန်ထမ်းတွေရဲ့ ရပိုင်ခွင့်နဲ့ ဥပဒေ စည်းမျဉ်းတွေနဲ့ ဆန့်ကျင်နေတဲ့ အော်ဒါဖြစ်နေတယ်။ တနည်းအားဖြင့် ပြောရရင် မြို့နယ် ပညာရေးမှူး ဒေါ်နန်းမြင့်သိန်းရဲ့ လာဘ်ပေး လာဘ်ယူမှု ကိစ္စတွေ ပါဝင်နေပါတယ်။ ရာထူးတိုး အပြောင်းဆိုတာက ဝန်ထမ်းတွေရဲ့ ဆန္ဒအလျောက် လျှောက်ထားလာတဲ့ ဦးစားပေး (၁)၊ (၂)၊(၃) ကျောင်းတွေကြည့်ပြီး ထည့်သွင်း စဉ်းစားပေးရတာမျိုးပါ။ အခုက ပညာရေးမှူးနဲ့ ရင်းနှီး ခင်မင်သူ ပညာရေးမှူးကို ဖားနိုင် ပေးကမ်းနိုင်သူတွေက မြို့ပေါ်နဲ့မြို့နဲ့နီးတဲ့နေရာတွေမှာ ရပါတယ်။  ဒီကိစ္စနဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်နေတဲ့ ပညာရေး ဝန်ထမ်းတွေ အများကြီးရှိပါတယ်။ ကြောက်တာနဲ့ ဘာမှ မပြောရဲတဲ့သူတွေများနေတယ်။"ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ပညာရေးဝန်ထမ်းတစ်ဦးက Tachileik News Agency သို့  ၂၀၂၃ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့တွင် ပြောပြသည်။

 ရာထူးတိုး  အပြောင်းအရွှေ့များနှင့် ပတ်သက်ပြီး မြို့နယ်ပညာရေးမှူးက စာရင်းများ လက်ခံပြီးနောက် ၎င်းစိတ်တိုင်းကျ  နေရာချထားပြီး စာရင်းပြုလုပ်ကာ ကျိုင်းတုံမြို့ရှိ ပြည်နယ်ပညာရေးမှူးရုံးခွဲ (ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူးထံ အတည်ပြု တင်ပြရခြင်းဖြစ်ရာ မြေပြင်အခြေအနေမှန်ကို မသိဘဲ သေချာ စိစစ်ခြင်းမရှိသည့် ပြည်နယ်ပညာရေးမှူးက အတည်ပြုပေးခြင်းဖြစ်ကြောင်း သိရသည်။

"အဓိက ကတော့ ဝန်ထမ်းတွေ တင်တဲ့ အပြောင်းအရွှေ့ ရာထူးတိုးက မြို့နယ်ပညာရေးမှူး လက်ထဲမှာပဲ မူတည်တယ်။ သူပေးချင်တဲ့နေရာ သူချပေးချင်တဲ့နေရာကို ထည့်ပေးလိုက်တာပါပဲ။ သူနေရာ ချထားပြီးသား စာရင်းကို ပြည်နယ် ပညာရေးမှူးဆီ တင်ပြပြီး အတည်ပြုရတာပေါ့"ဟု အတန်းပြ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ယခုလို ရာထူးတိုး အပြောင်းအရွှေ့ (၂၀)ကျော်တွင် လူမှန် နေရာမှန် ရရှိသူမှာ (၂)ဦး (၃)ဦး ဝန်းကျင်သာ ပါဝင်ပြီး ကျန်သူများကိုတော့ ပညာရေးမှူးက အပေးအယူပြုလုပ်ကာ ဖောင်တွင် ဖြည့်သွင်းထားခြင်း  မရှိသည့် မြို့ကျောင်းများကို ရွေးချယ်ချထားကာ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု သိရသည်။

"ဝန်ထမ်းတွေကို ရာထူးတိုးပေးတဲ့နေရာမှာ စည်းမျဉ်းတွေရှိပါတယ်။ ဦးစားပေးကျောင်း နဲ့ လုပ်သက်တွေ၊ ပညာအရည်အချင်းတွေအပြင် အသက်အရွယ်နဲ့ အိမ်ထောင်၊ သားသမီး ရှိမရှိ အကုန် သေချာ စိစစ်ရပါတယ်။ ပြောင်းရွေ့ချင်တဲ့ ဦးစားပေးကျောင်း စာရင်းထည့်ရတယ်။ အဲ့လို ဦးစားပေး ကျောင်းတွေထဲက တစ်ကျောင်း ကျောင်းကို ချထားပေးရတယ်။ ဖောင်မှာ မဖြည့်ထားတဲ့ ကျောင်းကို ချပေးလို့မရပါဘူး။ အခုက ဖောင်မှာ မဖြည့်ထားတဲ့ ကျောင်းတွေကို အပေးအယူ လုပ်ပြီး ချထားတာလည်း ရှိနေတယ်။ "ဟု ၎င်းက ဆိုသည်။ 

အပြောင်းအရွှေ့ဖောင်တွင် ဦးစားပေးကျောင်းများနှင့်ပတ်သက်ပြီး အမည်စာရင်း မထည့်သွင်းထားသည့် ကျောင်းများသို့ ချထားပေးသည့် ကိစ္စနှင့် ပတ်သက်၍လည်း ပညာရေးမှူးက လိမ်ညာခိုင်းမှုများလည်း ရှိနေသည်ဟု သိရသည်။

"အခု တစ်ခေါက် လက်ထောက် မူလတန်းပြကနေ ဒုတိယ မူလတန်းပြ ရာထူးအတိုးတွေ တော်တော်များများက ရာထူးတိုးခွင့် လျှောက်လွှာ မှာ ရေးထားတဲ့  ဦးစားပေး (၁)၊ (၂)၊(၃) ကျောင်း အမည်တွေထဲမှာ မပါတဲ့ အခြား မျှော်လင့်မထားတဲ့ အထက အလက ကျောင်းကြီးတွေ ချပေးပြီး အခု အော်ဒါထွက်လာပြီး အသံထွက်စဖြစ်လာတော့ မြို့နယ်ပညာရေးမှူးက သူတို့တွေကို ရာထူးတိုးသွားတဲ့ ကျောင်းတွေကို ဦးစားပေး စာရင်းမှာ ထည့်သွင်းရေးဖြည့် တင်ထားတယ်လို့ လိမ်ညာခိုင်းထားတယ်။ အမှန်က ကျေးရွာကျောင်းတွေမှာ လစ်လပ်တွေ တအားများပါတယ်။ ဒါကို အခု ရာထူးတိုးတဲ့ လူတွေကို လူတော်တွေမလို့ မြို့ပေါ်က ကျောင်းတွေမှာပဲ ထားမယ်ဆိုတဲ့ ပုံစံနဲ့ မြို့ပေါ်က အထက တို့ အလကတို့လို နီးရာ မူလတန်းကျောင်းတွေမှာ ထည့်ပေးတော့တာပဲ။ အမှန်က မိုင်းယောင်းမြို့နယ်မှာ ဆရာ၊ဆရာမ တစ်ဦးမှ မရှိတဲ့ မူလတန်းကျောင်းတွေရှိပါတယ်။ ပြောရရင်တော့ ဇီးရိုးကျောင်းတွေပေါ့၊ ကျောင်းသားရှိပြီး ဆရာ၊ဆရာမ မရှိတဲ့ ကျောင်းတွေပါ။ လက်ထောက် မူပြ ကနေ ဒုမှူပြ အတိုးတွေကို ပညာရေးမှူးက စီမံပြီး လုပ်တာပါ"ဟု ပညာရေးမှူးရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။



ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ပညာရေးနှင့်ပတ်သက်၍ ကျိုင်းတုံ၊ မိုင်းယောင်းနှင့် တာချီလိတ်၊ မိုင်းဆတ် စသည့် မြို့နယ်ပညာရေးမှူးရုံးတို့၏ အပေးအယူကိစ္စများ အတန်ပြ ပညာရေးဝန်ထမ်းများအကြား ပြောဆိုမှုများ ထွက်ပေါ်နေလျှက်ရှိကြောင်း နှင့် ယခု မိုင်းယောင်းဖြစ်စဉ်ကိုလည်း  ပြည်နယ်ပညာရေးမှူးရုံးခွဲ (ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူးအနေဖြင့် ပြန်လည်စိစစ်ပေးရန် ပညာရေးဝန်ထမ်းများက လိုလားနေသည်ဟု သိရသည်။