ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်း၌ ပြန်ထည့်သွင်းမှုကြောင့် ဆန္ဒပြမှုနှင့် တရားစွဲဆိုမှုများ ရှိလာနိုင်

ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်း၌ ပြန်ထည့်သွင်းမှုကြောင့် ဆန္ဒပြမှုနှင့် တရားစွဲဆိုမှုများ ရှိလာနိုင်
By Mr John

 ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်း၌ ပြန်ထည့်သွင်းမည့် အစိုးရ၏ လုပ်ဆောင်မှုကြောင့် လမ်းပေါ်ထွက် ဆန္ဒပြမှုများနှင့် နိုင်ငံတဝန်း ဖွင့်လှစ်ထားသော ထောင်နှင့်ချီသည့် ဆေးခြောက်ထုတ်ကုန် အရောင်းဆိုင် ပိုင်ရှင်များက တရားစွဲဆိုမှုများ ရှိလာနိုင်ကြောင်း သိရသည်။ 

ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့် (၂) နှစ်နီးပါး ၂၀၂၂ ခုနှစ် ဇွန်အတွင်း ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းမှ ဖယ်ရှားလိုက်ပြီးနောက်ပိုင်း နိုင်ငံတဝန်း ဆေးခြောက်ထုတ်ကုန် အရောင်းဆိုင် (၈,၀၀၀) နီးပါး ဖွင့်လှစ်လာခဲ့ကြသည်။

ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီစင်က ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်း၌ ပြန်ထည့်သွင်းရန် ၂၀၂၄ ခုနှစ် မေလ (၈) ရက်နေ့တွင် ညွှန်ကြားလိုက်ခြင်းက ဆေးခြောက် မှောင်ခိုရောင်းဝယ်မှုကိုလည်း တွန်းအားပေးလိမ့်မည်ဟု ဘန်ကောက်မြို့ အခြေစိုက် Highland Cafe ဆေးခြောက်ထုတ်ကုန် အရောင်းဆိုင်၏ ပိုင်ရှင် Rattapon Sanrak က ပြောသည်။

 

အစိုးရ၏ ယခုလုပ်ဆောင်မှုကို ၂၀၂၄ ခုနှစ် မေလ (၁၆) ရက်နေ့တွင် ဘန်ကောက်မြို့၌ ဆန့်ကျင်ဆန္ဒပြပွဲ ပြုလုပ်သွားမည်ဟု Writing Thailand's Cannabis Future အဖွဲ့က ဆိုသည်။ 

လက်ရှိတွင် ထိုင်းနိုင်ငံက ဆေးခြောက်ကို "ထိန်းချုပ် ဆေးဘက်ဝင်အပင်" အဖြစ် သတ်မှတ်ထားပြီး အပန်းဖြေသုံးအဖြစ် အသုံးပြုခြင်းကို လုံးလုံးလျားလျား တားမြစ်ထားခြင်း မရှိဟုဆိုသည်။

#TachileikNewsAgency

Source: Bangkok Post