အင်္ဂလန်တွင် နှစ်ပေါင်း (၂၀၀) ကျော် သက်တမ်းရှိ သစ်ပင်ကြီး ခုတ်လှဲခံရပြီးနောက် ဆယ်ကျော်သက်တစ်ဦးကို ဖမ်းဆီး

အင်္ဂလန်တွင် နှစ်ပေါင်း (၂၀၀) ကျော် သက်တမ်းရှိ သစ်ပင်ကြီး ခုတ်လှဲခံရပြီးနောက် ဆယ်ကျော်သက်တစ်ဦးကို ဖမ်းဆီး
စက်တင်ဘာ 29, 2023 | နိုင်ငံတကာသတင်း
By Mr John

 အင်္ဂလန်နိုင်ငံ မြောက်ပိုင်း Northumberland အမျိုးသားဥယျာဥ်အတွင်းမှ နှစ်ပေါင်း ရာနှင့်ချီ သက်တမ်းရှိသော သစ်ပင်ကြီးတစ်ပင်ကို တမင်ရည်ရွယ်၍ ခုတ်လှဲပစ်မှုဖြင့် ဆယ်ကျော်သက်အရွယ် ယောက်ျားလေးတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ 

ထိုသစ်ပင်ကြီးမှာ ရောမခေတ်တွင် တည်ဆောက်ခဲ့သော Hadrian' Wall ခံတပ်ဟောင်းပေါ်၌ နှစ်ပေါင်း (၂၀၀) ကျော်ကြာ တည်ရှိနေခဲ့ခြင်း ဖြစ်သည်။

၁၉၉၁ ခုနှစ်တွင် ထွက်ရှိခဲ့ပြီး မင်းသား ကီဗင်ကော်စနာ ပါဝင်သရုပ်ဆောင်ထားသည့် အောင်မြင်ကျော်ကြားသော ရော်ဘင်ဟု ရုပ်ရှင်ဇာတ်ကား "Robin Hood: Prince of Thieves" တွင် Sycamore tree သစ်ပင်ကြီးကို မြင်တွေ့ရစဥ်က ကမ္ဘာတဝန်း သန်းနှင့်ချီသော လူအများကြား စိတ်ဝင်တစားဖြင့် ကျော်ကြားခဲ့သည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလ (၂၈) ရက်နေ့၏ နံနက်အစောပိုင်းတွင် သစ်ပင်ကြီး ခုတ်လှဲခံထားရသည်ကို တွေ့ရပြီးနောက် ရဲတပ်ဖွဲ့က အသက် (၁၆) နှစ်အရွယ် ယောက်ျားလေးတစ်ဦးကို ဖမ်းဆီးခဲ့သည်။ 

"Sycamore Gap" ဟု လူသိများသည် ထိုသစ်ပင်ကြီး တည်ရှိရာ Hadrian's Wall ခံတပ်ဟောင်းကို ယူနက်စကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် (UNESCO World Heritage) စာရင်းဝင် နေရာအဖြစ် သတ်မှတ်ထားသည်။

ရောမအင်ပါယာ၏ အနောက်မြောက်ဘက်စွန်း နယ်စပ်ကို ကာကွယ်စောင့်ကြပ်ရန် Hadrian's Wall ခံတပ်ဟောင်းကို လွန်ခဲ့သည့် နှစ်ပေါင်း (၁,၉၀၀) ဝန်းကျင်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ 

"Sycamore Gap" သစ်ပင်ကြီးမှာ အင်္ဂလန်တွင် ဓာတ်ပုံရိုက်ခံရဆုံး သစ်ပင်များအနက်မှ တစ်ပင်အဖြစ် သတ်မှတ်ခံရပြီး ၂၀၁၆ ခုနှစ်က English Tree of the Year အဖြစ် မဲပေးရွေးချယ်ခံခဲ့ရသည်။

 

Source: CNN