ပြည်တော်ပြန်လာမည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဖမ်းဝရမ်းနှင့် ကြိုဆိုမည်ဟု ထိုင်းရဲချုပ်ကဆို

ပြည်တော်ပြန်လာမည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဖမ်းဝရမ်းနှင့် ကြိုဆိုမည်ဟု ထိုင်းရဲချုပ်ကဆို
ဇူလိုင် 29, 2023 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံသို့ ပြန်လာမည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်းနှင့် ကြိုဆိုမည်ဖြစ်ပြီး တရားရုံးတင်သွားမည်ဟု ထိုင်းရဲချုပ်က ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၇) ရက်နေ့က ထုတ်ဖော် ပြောကြားထားသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင် ဩဂုတ်လ (၁၀) ရက်နေ့တွင် ထိုင်းကိုပြန်လာမည်ဖြစ်ပြီး ဒွန်မောင်းလေဆိပ်သို့ ရောက်ရှိလာမည်ဟု ၎င်း၏သမီး ပက်သွန်တန် ရှင်နာဝပ်ထရာက အတည်ပြုထားသည်။

ဒွန်မောင်းလေဆိပ်သို့ ရောက်ရှိလာမည့် သက်ဆင်ကို မြိုု့တော်ရဲဌာနှင့် လူဝင်မှုကြီးကြပ်ရေး အရာရှိများက လေဆိပ်တွင် တွေ့ဆုံပြီး ၎င်းကိုဖမ်းဆီးရန်အတွက် ဖမ်းဝရမ်းကို ပြသသွားမည်ဟု ဆိုသည်။ 

အကယ်၍ သက်ဆင်က ဒွန်မောင်းခရိုင်ရှိ Wing 6 လေယာဥ်ကွင်းသို့ စင်းလုံးငှားလေယာဥ်တစ်စီးဖြင့် ရောက်ရှိလာပါက ရဲတပ်ဖွဲ့က ထိုနေရာတွင် ၎င်းကို တွေ့ဆုံသွားမည်ဟု ဆိုသည်။

ထို့နောက် အရာရှိများက ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဒွန်မောင်းရဲစခန်းသို့ ခေါ်ဆောင်သွားမည်ဖြစ်ပြီး ရဲစခန်းတွင် ၎င်းကို ဖမ်းဆီးခဲ့ကြောင်း ရဲမှတ်တမ်းပြုလုပ်သွားမည်ဟု ထိုင်းရဲချုပ် ရဲဗိုလ်ချုပ်ကြီး Damrongsak Kittiprapas က ပြောသည်။ 

ရဲ လုပ်ငန်းစဥ်ပြီးနောက် သက်ဆင်ကို တရားရုံးသို့ ခေါ်ဆောင်သွားမည် ဖြစ်သည်။

အကယ်၍ တရားရုံးပိတ်ပါက သက်ဆင်ကို Bang Khen ခရိုင် Royal Thai Police Sports Club ရှိ အထူးထိန်းသိမ်းရေးစခန်းသို့ ခေါ်ဆောင်ထားရှိရန်အတွင် အသေးစိတ် ပြင်ဆင်ထားရှိကြောင်း ရဲချုပ်က ပြောသည်။ 

တရားခံပြေးအဖြစ် သတ်မှတ်ထားသည့် ရာထူးကြီးပုဂ္ဂိုလ် ရောက်ရှိလာမှုအတွက် ဘေးကင်းလုံခြုံရေးနှင့် ယာဥ်လမ်းကြောစီမံခန့်ခွဲမှုတို့ကို ကြီးကြပ်ကွပ်ကဲရန် ၎င်း၏လက်ထောက် ရဲဗိုလ်ချုပ် Prachuap Wongsuk ကို တာဝန်ပေးထားကြောင်း ရဲချုပ် ရဲဗိုလ်ချုပ်ကြီး Damrongsak က ပြောသည်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်မှာ ၂၀၀၆ ခုနှစ် စပ်တင်ဘာလ (၁၉) ရက်နေ့တွင် စစ်တပ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချခံရပြီးနောက် ပြည်ပတွင် (၁၇) နှစ်ကြာ နေထိုင်ခဲ့ပြီး ထိုင်းနိုင်ငံသို့ ၂၀၀၈ ခုနှစ်အတွင်း ခေတ္တမျှသာ ပြန်လာခဲ့ဖူးသည်။

 စစ်တပ်အာဏာသိမ်းပြီးနောက် သက်ဆင်ကို အမှု (၃) ခုဖြင့် စုစုပေါင်း ထောင်ဒဏ် (၁၀) နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ သက်ဆင် အနေဖြင့် ထောင်ကျပြီး (၂၄) နာရီအတွင်း ဘုရင်မင်းမြတ်၏ လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံနိုင်ကြောင်း အိမ်စောင့်အစိုးရ ဒုတိယဝန်ကြီးချုပ် Wissanu Krea-ngam က ဇူလိုင်လ (၂၇) ရက်နေ့တွင် ပြောသည်။

 

Source: Bangkok Post