အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုရန် နှင့် CRPH ကိုသာ အသိအမှတ်ပြုရန် ကုလညီလာခံတွင် ပြောကြား

အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်မပြုရန် နှင့် CRPH ကိုသာ အသိအမှတ်ပြုရန် ကုလညီလာခံတွင် ပြောကြား

နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အာဏာသိမ်းအစိုးရအပေါ် တရားဝင်မှု မပေးရန်၊ အသိအမှတ် မပြုရန်နှင့် CRPH ကို အသိအမှတ်ပြုရန် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့က ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်က ပြောကြားသွားသည်။

 တည်ဆဲဥပဒေယန္တရားတွေကို ကျင့်သုံးရမည့်အစား စစ်တပ်ဟာ အာဏာသိမ်းရန် ကြိုးပမ်းမှု တရားဝင်စေဖို့ မတူခြားနားမှုတွေကို  လိုသလိုအသုံးချပြီး အကြောင်းပြခဲ့တယ်။ ကျွန်မက “ကြိုးပမ်းမှု” လို့ ပြောရတဲ့ အကြောင်းကတော့ အာဏာလွှဲယူမှုဟာ တည်ငြိမ်မှုမရှိတဲ့အပြင် လူထုက ပစ်ပစ်ခါခါ ပယ်ချနေပုံရှိ ပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ဒီအာဏာသိမ်းအစိုးရအပေါ် တရားဝင်မှု မပေးဖို့ အသိအမှတ်မပြုဖို့ အရေးကြီးပါတယ်။ ကျွန်မက “အာဏာသိမ်းမှု” လို့ ပြောရတာကတော့ သူတို့ ဘယ်လိုပြောနေပါစေ အရေးအပေါ် အခြေအနေကြေညာပြီး စစ်တပ်က အာဏာလွှဲယူမှုဟာ အခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာပဲဖြစ်ပါတယ်။ ဒီအတောအတွင်းမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ အခြေခံဥပဒေနဲ့အညီ ကျမ်းသစ္စာ ကျိန်ဆိုနိုင်ခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီလွှတ်တော် အမတ်တွေဟာ သူတို့ကို ရွေးကောက်တင်မြှောက်ခဲ့တဲ့ ပြည်သူတွေက ပေးအပ်ထားတဲ့ တာဝန်ဝတ္တရားကို ထမ်းဆောင်ဖို့ ရဲရဲဝံ့ဝံ့ကြိုးစားခဲ့ကြပါတယ်။ ဒါကြောင့်သူတို့အတွက် ပါဝင်ဆွေးနွေးရန်စင်္ကြံတစ်ခုပေးဖို့ အရေးကြီးပါတယ်။

ဟု မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာ ဘာဂနာ က ကုလသမဂ္ဂအထွေထွေညီလာခံ၌ ပြောကြားရာတွင် ထည့်သွင်းပြောကြားသွားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က ပြည်သူတင်မြှောက်ထားသည့်အစိုးရကို ဖမ်းဆီးထိန်းသိမ်းကာ နိုင်ငံတော်အာဏာသိမ်းထားသဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာနိုင်ငံအရေးကိစ္စကို ဆွေးနွေးနေကြခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ဆွေးနွေးနေဆဲဖြစ်သည်။

Tachileik News Agency