ကျိုက်ထိုမြို့နယ်ရှိ စစ်ရေးပစ်မှတ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ကျိုက်ထိုမြို့နယ်ရှိ စစ်ရေးပစ်မှတ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထို-ရန်ကုန်ကားလမ်းပေါ်ရှိ စစ်ရေးပစ်မှတ်များကို ၂၀၂၄ခုနှစ် ဧပြီလ ၁၆ ရက်တွင် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)မှ ယနေ့ ဧပြီလ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကျိုက်ထိုမြို့နယ်ရှိ အင်္ဂဘိုတာဝါတိုင်၊ ရှော်နီကုန်း (ဒေသအခေါ် )၊ လက်ပံပင်သင်္ချိုင်းတို့တွင် အခြေချနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့် ဗုံးသီး စုစုပေါင်း (၆)လုံး ပစ်ချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများနိုင်ပြီး ထိခိုက်သေဆုံးမှုများကို ဆက်လက်စုံစမ်းနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အင်္ဂဘိုတာဝါတိုင်ကို ဗုံးသီးတစ်လုံး၊ ရှော်နီကုန်းကို ဗုံးသီးတစ်လုံး၊ လက်ပံပင်သင်္ချိုင်းတို့တွင် တပ်စွဲနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဗုံးသီး (၄) လုံး ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ခြင်းကို ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)၊ KNU/KNLA၊ ခရမ်း-PDFနှင့် ကျိုက်ထို ပကဖတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု KRFအနေဖြင့် ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်စေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်တိုက်ခိုက်မှုများကို မည်သည့်အခါတွင်မှ ပြုလုပ်ခြင်း မရှိကြောင်းနှင့် စစ်အာဏာရှင် ကျရှုံးသည်အထိ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#TachileikNewsAgency