ကော့ကရိတ်တွင် အာဏာသိမ်း စစ်ကောင်စီ၏တပ်ကပစ်သည့် လက်နက်ကြီးကျည်ထိမှန်၍ အရပ်သား အမျိုးသမီး (၃)ဦး ထိခိုက်ဒဏ်ရာရ

ကော့ကရိတ်တွင် အာဏာသိမ်း စစ်ကောင်စီ၏တပ်ကပစ်သည့် လက်နက်ကြီးကျည်ထိမှန်၍ အရပ်သား အမျိုးသမီး (၃)ဦး ထိခိုက်ဒဏ်ရာရ
ဇန်နဝါရီ 8, 2022 | အခြားဒေသများ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၇) ရက်နေ့ညပိုင်းက စ၍ အာဏာသိမ်းစစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ အရပ်သားအမျိုးသမီး (၃) ဦး ထိခိုက် ဒဏ်ရာရသွားကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်အတွင်း ည (၆)နာရီနောက်ပိုင်း မထွက်ရ ထုတ်ပြန်ထားသည့် အာရှလမ်းမကြီးတွင် ယမန်နေ့ည (၈)နာရီခွဲဝန်းကျင်က မြဝတီဘက်မှလာသည့် ဆီဘောက်ဆာယာဉ် (၂)စီး  ပစ်ခတ်ခံရပြီးနောက် ကော့ကရိတ်အခြေစိုက် အာဏာသိမ်းစစ်တပ်က ယမန်နေ့ ညပိုင်းနှင့် ယနေ့ နံနက်ပိုင်းတို့တွင် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ရာ ကော့နွယ်ကျေးရွာအုပ်စုအတွင်း ကျရောက်ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ကော့နွဲကျေးရွာအုပ်စု မြို့ဟောင်းကျေးရွာတွင် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ကို ထိမှန်ပျက်စီးခဲ့သည့်အပြင် အမျိုးသမီး (၃) ဦးလည်း ထိခိုက်ဒဏ်ရာရသွားခြင်းဖြစ်သည်ဟု သိရသည်။

 ထိခိုက်ဒဏ်ရာရရှိသော အမျိုးသမီး (၃) ဦးအနက် အသက်အရွယ်ကြီးသူ (၁) ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။