စစ်ကိုင်းမြို့နယ်အတွင်း အင်္သခရာစစ်ဆင်ရေး စတင်ခြင်းအဖြစ် ရဲစခန်းနှင့်ရုံးများ အပါအဝင် နေရာပေါင်း (၉)နေရာတွင် ဗုံးကွဲ

စစ်ကိုင်းမြို့နယ်အတွင်း အင်္သခရာစစ်ဆင်ရေး စတင်ခြင်းအဖြစ် ရဲစခန်းနှင့်ရုံးများ အပါအဝင် နေရာပေါင်း (၉)နေရာတွင် ဗုံးကွဲ
အောက်တိုဘာ 10, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်း PDF တပ်ရင်းများ LPDF အစုအဖွဲ့များ၏ ထုတ်နုတ်အင်အားများဖြင့် အင်္သခရာစစ်ဆင်ရေး စတင်ခြင်းအဖြစ် ၂၀၂၁ခုနှစ် အောက်တိုဘာလ(၉)ရက်နေ့က နေရာပေါင်း (၉)နေရာတွင် ပေါက်ကွဲမှု (၉)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ(၉)ရက်နေ့ နံနက်(၄)နာရီခွဲဝန်းကျင်အချိန်က အမှတ် (၁၆) လုံခြုံရေး ရဲတပ်ရင်းတွင် ဗုံး(၁)လုံး ကွဲသလို ည(၇)နာရီ (၁၀)မိနစ်တွင် မြို့နယ်စည်ပင်သာယာရေးဌာနရုံး၊ မြို့နယ်တရားရုံး၊ အမှတ်(၂)ရဲစခန်း၊ ပဒူတိုက်ရဲကင်းစခန်း၊ မင်းကွန်းတိုက်နယ်ရဲစခန်းတို့တွင် တစ်ပြိုင်နက်တည်း ဗုံး(၁)လုံးစီ ကွဲခဲ့ကြောင်း သိရသည်။

ည(၇)နာရီ (၁၅)မိနစ်အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံး(၁)လုံး၊ ည(၇)နာရီ မိနစ်(၂၀)တွင် ရတနာပုံတံတားစစ်ဆေးရေးဂိတ်နှင့် Non-CDMများ၏ အိုးအိမ်တိုက်တန်းတွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်အတွင်း အင်္သခရာစစ်ဆင်ရေးအဖြစ် သတိပေးလုပ်ဆောင်ခြင်းသာဖြစ်ပြီး ယခုထက်ပိုပီး ပြင်းထန်သည့် စစ်ဆင်ရေးများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည့်အတွက် ပြည်သူများ ဂရုစိုက်သွားလာရင် နှင့် မလိုအပ်ရင် အပြင်မထွက်ကြရန်လည်း အသိပေးထားရှိသည်။