ပြည်တွင်းစစ်ပွဲကြောင့် နယ်စပ်ကုန်သွယ်မှု ထိခိုက်ပြီး မြန်မာပြည်သူများကြား ကုန်ပစ္စည်းပြတ်လပ်မှု ကြုံရနိုင်ကြောင်း ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ ပြောကြား

ပြည်တွင်းစစ်ပွဲကြောင့် နယ်စပ်ကုန်သွယ်မှု ထိခိုက်ပြီး မြန်မာပြည်သူများကြား ကုန်ပစ္စည်းပြတ်လပ်မှု ကြုံရနိုင်ကြောင်း ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ ပြောကြား
By Mr John

 မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပွားနေသော စစ်အာဏာရှင် ဖြုတ်ချရေး လက်နက်ကိုင် ပဋိပက္ခများကြောင့် ထိုင်း - မြန်မာ နယ်စပ်ဒေသ မဲဆောက်နှင့်မြဝတီအကြား နယ်စပ်ကုန်သွယ်မှုလုပ်ငန်းမှာ ပိုမိုကျဆင်းလာနိုင်ပြီး မြန်မာပြည်သူများအကြား ကုန်ပစ္စည်း ပြတ်လပ်မှု ကြုံရနိုင်ကြောင်း ထိုင်းစက်မှုလုပ်ငန်းများ အဖွဲ့အစည်း Federation of Thai Industries (FTI) က ပြောသည်။

"မြန်မာက ထိုင်းကနေ လူသုံးကုန်ပစ္စည်းမျိုးစုံကို တင်သွင်းနေတာကြောင့် ရောင်းသူရော ဝယ်သူရော ထိခိုက်တဲ့ ကုန်သွယ်မှုတန်ဖိုး ကျဆင်းသွားမှာကို ကျွန်တော်တို့ စိုးရိမ်ပူပန်ပါတယ်" ဟု ၎င်းက ပြောသည်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်က ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ခံ အစိုးရထံကနေ အာဏာသိမ်းခဲ့ပြီးနောက် အမေရိကန်နှင့် ဥရောပနိုင်ငံ အများအပြားက မြန်မာနိုင်ငံအပေါ် ကုန်သွယ်ရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့မှုရှိသော်လည်း ထိုင်းကုမ္ပဏီများအတွက် ထိခိုက်မှု မရှိဟု ၎င်းက ဆိုသည်။ 

"ထိုင်းကုမ္ပဏီတွေက အမေရိကန်နဲ့ ဥရောပကို တင်ပို့ခြင်းမရှိဘဲ မြန်မာဈေးကွက်အတွက်ပဲ သူတို့ရဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်နေကြတာကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေက မြန်မာမှာရှိတဲ့ ထိုင်းကုမ္ပဏီတွေ မထိခိုက်ပါဘူး" ဟု FTI ဥက္ကဌ Kriengkrai Thiennukul က ပြောသည်။

မဲဆောက်ခရိုင်တွင် ကုန်သွယ်မှု (၃၀) ရာခိုင်နှုန်း ကျဆင်းသွားပြီးနောက် နယ်စပ်ကုန်သွယ်မှု အခြေအနေကို မကြာသေးမီက ထိုင်အာဏာပိုင်များ ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က အစောပိုင်းတွင် ပြောခဲ့သည်။

လက်ရှိ အခြေအနေများအရ မြန်မာပြည်တွင်းစစ်ပွဲက နယ်စပ်ကုန်သွယ်ရေးနှင့် ပတ်သက်ပြီး သယ်ယူပို့ဆောင်ရးနှင့် ထောက်ပံ့ပို့ဆောင်ရေးကို ထိခိုက်မည်ဖြစ်ပြီး မြန်မာပြည်သူများအကြား ပြည်ပတွင်းကုန်ဖြစ်သည့် ကုန်ပစ္စည်းပြတ်လပ်မှုများ ကြုံလာရနိုင်ကြောင်းလည်း Kriengkrai က သတိပေးထားသည်။ 

မြန်မာ - ထိုင်းနယ်စပ်ဒေသများအနက် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးအနေဖြင့် တာချီလိတ် - မယ်ဆိုင်   ကုန်သွယ်ရေးလုပ်ငန်းထက် မြဝတီ - မဲဆောက် ကုန်သွယ်ရေးလုပ်ငန်းက အဓိက ကျသည်။ 

Source: Bangkok Post