NUG ဝန်ကြီး နှင့် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာဌာန အထွေထွေအတွင်းရေးမှူး တို့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေး

NUG ဝန်ကြီး နှင့် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာဌာန အထွေထွေအတွင်းရေးမှူး တို့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေး
By Mr John

 စစ်ကောင်စီနှင့် ၎င်းတို့၏ ဆက်စပ်မိသားစုဝင်များအား စီးပွားရေးပိတ်ဆို့ အရေးယူမှုအပါအဝင် အခြားအချက်များကို ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာဌာန အထွေထွေအတွင်းရေးမှူး နှင့် ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် အသိပေး ရေးသားထားသည်။

ဝန်ကြီးသည် ဥရောပသမဂ္ဂ(နိုင်ငံခြားရေးရာ ဌာန  အထွေထွေအတွင်းရေးမှုး) ဖြစ်သူ Mr. Stefano Sannino နှင့် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲမြို့တွင် ၂၀၂၂ခုနှစ်  ဒီဇင်ဘာလ(၁၆)ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ဒါ့အပြင် ဥရောပသမဂ္ဂ၏ ကျင့်သုံးနေသည့် ဥပဒေများအတွင်းမှ ဆက်လက်၍ ထိရောက်စွာ အရေးယူဆောင် ရွက်နိုင်မည့် နည်းလမ်းများဖေါ်ထုတ်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ အပါအဝင် မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည် ဖေါ်ဆောင်ရေး ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များတွင် ပိုမိုတိုး  မြှင့်ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

ယမန်နေ့က ထုတ်ပြန်ခဲ့သည့် EU -ASEAN ဆွေးနွေးဘက် ဆက်ဆံရေး (၄၅) နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး ကြေညာချက်တွင် မြန်မာ့အရေးကို မပျက်မ ကွက် ထည့်သွင်းဖေါ်ပြခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း၊ ဥရောပသမဂ္ဂ အပါအဝင် မြန်မာ့အရေး မိတ်ဖက် ၊ ဆွေးနွေးဖက်နိုင်ငံများ၊ အိမ်နီးနားချင်းနိုင်ငံများအကြား မည်ကဲ့သို့ ပူးပေါင်းဆောင် ရွက်နိုင်မည်ကို နည်းလမ်းများရှာဖွေ သွားရန်လည်း ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲ သို့ အာဆီယံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ် H.E Igor Driesmans နှင့် အာရှဒေသ စီမံခန့်ခွဲမှု ဒု-ညွန်ကြားရေး မှုး အပါအဝင် တာဝန်ရှိသူများလည်း တက်ရောက်ကြကြောင်း သိရသည်။

#TachileikNewsAgency

Photo: Zin Mar Aung