Facebook နှင့် Instagram ခေတ္တာ ရပ်ဆိုင်းသွားခဲ့ရခြင်းက ဇူကာဘတ် အတွက် ဒေါ်လာ သန်း (၁၀၀) ဆုံးရှုံး ခဲ့

Facebook နှင့် Instagram ခေတ္တာ ရပ်ဆိုင်းသွားခဲ့ရခြင်းက ဇူကာဘတ် အတွက် ဒေါ်လာ သန်း (၁၀၀) ဆုံးရှုံး ခဲ့
By Mr John

ယခု သီတင်းပတ်အတွင်း Meta ကုမ္ပဏီပိုင် Facebook နှင့် Instagram ဆိုရှယ်မီဒီယာ ဝန်ဆောင်မှုများ ကမ္ဘာတဝန်း မိနစ်ပိုင်းမှ နာရီပိုင်းကြာ အသုံးပြုမရ ဖြစ်သွားမှုက ကုမ္ပဏီအတွက် အမေရိကန်ဒေါ်လာ သန်းရာနှင့်ချီသည့် ဆုံးရှုံးရသည့် ကိစ္စဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

Facebook အပါအဝင် Meta ၏ ဝန်ဆောင်မှုများ ကမ္ဘာတဝန်း အသုံးပြုမရ ဖြစ်သွားမှုကြောင့် စီအီးအိုဖြစ်သူ မာ့ခ်ဇူကာဘတ်မှာ ခန့်မှန်းခြေ ဒေါ်လာ သန်း (၁၀၀) ဆုံးရှုံးနစ်နာခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဏာရေး ဝန်ဆောင်မှုကုမ္ပဏီ Wedbush Securities ၏ မန်နေဂျင်းဒါရိုက်တာ ဒန်အိုင်ဗီးစ်က Daily Mail ကို ပြောသည်။

ထိုပမာဏမှာ Meta အတွက် မဖြစ်စလောက်သာ ဖြစ်နိုင်ပြီး ၂၀၂၃ ခုနှစ် စာရင်းအရ ကုမ္ပဏီ၏ ဝင်ငွေမှာ ဒေါ်လာ (၁၃၄) ဘီလီယံရှိကြောင်း သိရသည်။ 

၎င်း၏ ဆိုရှယ်မီဒီယာဝန်ဆောင်မှုများ ပြတ်တောက်မှုကြောင့် ဘဏ္ဏာရေးပိုင်းဆိုင်ရာ မည်မျှ ထိခိုက်ဆုံးရှုံးကြောင်းကိုတော့ Meta က ထုတ်ဖော်ပြောနိုင်ဖွယ် မရှိကြောင်းလည်း အိုင်ဗီးစ်က ဆိုသည်။ 

Meta က ၎င်း၏ ဝင်ငွေအများစုကို ဆိုရှယ်မီဒီယာများပေါ်ရှိ ကြော်ငြာများမှတစ်ဆင့် ရရှိနေခြင်း ဖြစ်သည့်အတွက် ထိုဖြစ်ရပ်ကြောင့် Meta ၏ စတော့ရှယ်ယာဈေးနှုန်းလည်း ကျဆင်းသွားခဲ့သည်။ 

၂၀၂၄ ခုနှစ် မြန်မာစံတော်ချိန် မတ်လ (၅) ရက်နေ့ ည (၁၀) နာရီဝန်းကျင်မှစ၍ Facebook နှင့် Instagram အပါအဝင် Meta ၏ ထုတ်ကုန်မှန်သမျှ အားလုံး  ကမ္ဘာတဝန်း (၂) နာရီနီးပါးကြာ အသုံးပြုမရ ဖြစ်သွားခဲ့ရာ Meta ၏ ဝင်ငွေလည်း ကျဆင်းသွားခဲ့သည်။

Facebook နှင့် Instagram အသုံးပြုမရ ဖြစ်သွားပြီးနောက် Meta စီအီးအို ဇူကာဘတ်က မိနစ်အနည်းငယ် စောင့်ဆိုင်းရန်နှင့် အားလုံး ဖြေရှင်းသွားနိုင်မည်ဟု ၎င်း၏ X အကောင့်တွင် ချက်ချင်းပင် ပို့စ်တင်ခဲ့သည်ကို တွေ့ရသည်။

Facebook နှင့် Instagram အသုံးပြုမရဖြစ်မှုကြောင့် Meta ၏ ဝင်ငွေ လျော့ကျသွားခဲ့သော်လည်း ဇူကာဘတ်မှာ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာစာရင်းတွင် ယခင်အတိုင်း နံပါတ် (၄) နေရာ၌ ဆက်လက် ရပ်တည်နေသည်။ 

Bloomberg Billionaires Index ၏ ၂၀၂၄ ခုနှစ် မတ်လ (၇) ရက်နေ့အထိ စာရင်းအရ ဇူကာဘတ်က အသားတင် ချမ်းသာကြွယ်ဝမှု ဒေါ်လာ (၁၇၈) ဘီလီယံဖြင့် နံပါတ် (၄) နေရာ၌ ရပ်တည်နေသည်ကို တွေ့ရသည်။

ဇူကာဘတ်အထက်တွင် ကမ္ဘာ့အကြီးဆုံး တန်ဖိုးကြီး ဇိမ်ခံပစ္စည်းထုတ်ကုန် ကုမ္ပဏီ LVMH ဥက္ကဌနှင့် စီအီးအို Bernard Arnault က ဒေါ်လာ (၁၉၇) ဘီလီယံဖြင့် နံပါတ် (၁)၊ ကမ္ဘာ့အကြီးဆုံး e-commerce ကုမ္ပဏီ Amazon ၏ စီအီးအို Jeff Bezos က ဒေါ်လာ (၁၉၆) ဘီလီယံဖြင့် နံပါတ် (၂) နှင့် Telsa Motors နှင့် X ဆိုရှယ်မီဒီယာ ပိုင်ရှင်ဖြစ်သူ Elon Musk က ဒေါ်လာ (၁၈၉) ဘီလီယံဖြင့် နံပါတ် (၃) နေရာတို့၌ အသီးသီး ရပ်တည်နေသည်။

 

Source: Daily Mail