အလွန်ပူပြင်းခဲ့သည့် တရုတ်အနောက်တောင်ပိုင်းတွင် မိုးသည်းထန်လာ၍ ရေကြီးရေလျှံမှု သတိပေး

Photo: REUTERS/Thomas Peter
Photo: REUTERS/Thomas Peter
အလွန်ပူပြင်းခဲ့သည့် တရုတ်အနောက်တောင်ပိုင်းတွင် မိုးသည်းထန်လာ၍ ရေကြီးရေလျှံမှု သတိပေး
သြဂုတ် 30, 2022 | နိုင်ငံတကာသတင်း
By Mr John

အလွန်ပူပြင်းခဲ့သည့် တရုတ်အနောက်တောင်ပိုင်းတွင် ယခုအခါ မိုးသည်းထန်ပြီး ရေကြီးရေလျှံမှု သတိပေးချက်ထုတ်ပြန်

ယခုလ အတွင်း အပူချိန်များ အလွန်အမင်း မြင့်တက်ခဲ့သည့် တရုတ်နိုင်ငံ၏ အနောက်တောင်ပိုင်းတွင် ယခုအခါ ရက်နှင့်ချီကြာ မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု သတိပေးချက်များ ထုတ်ပြန်ထားသည်။ 

ကုန်ထုတ်လုပ်မှုအချက်အချာကျသည့်  ချုံချင့် ဒေသနှင့် အနီးအနားရှိ စီချွမ်ပြည်နယ်၏ နေရာများတွင် မိုးရွာသွန်းမှုများ အဆက်မပြတ် ဖြစ်ပေါ်နေခဲ့သည်။

ထိုနေရာများတွင် အလွန်ပူပြင်းမှုကြောင့် လေအေးပေးစက်အသုံးပြုမှု မြင့်တက်ရာမှ လျှပ်စစ်ဓာတ်အား အကြီးအကျယ် ပြတ်တောက်မှုနှင့် ရေလှောင်ဆည်များ ရေပမာဏလျော့ကျမှုတို့ ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုအခါ မိုးဆက်တိုက်ရွာသွန်းပြီး ရေကြီးမှုအန္တရာယ် ကြုံနေရသည်။

 ဩဂုတ်လ (၂၈) ရက်တွင် စတင်ခဲ့သည့် မိုးရွာသွန်းမှုမှာ ဩဂုတ်လ (၃၀) ရက်အထိ ဆက်လက်ဖြစ်ပေါ်နေမည်ဟု ခန့်မှန်းထားသည်။

အစိုးရက စီချွမ်နှင့် ချုံချင့် တို့တွင် အရေးပေါ် ရေကြီးရေလျှံမှု တားဆီးကာကွယ်ရေး တုံ့ပြန်ဆောင်ရွက်မှုကို ဩဂုတ်လ (၂၈) ရက် ဒေသစံတော်ချိန် ညနေ (၆) နာရီတွင် စတင်လုပ်ဆောင်ခဲ့သည်။ 

ယခုလအတွင်း တရုတ်အစိုးရက အဆိုပါ နေရာဒေသများကို မိုးခေါင်ခြောက်သွေ့မှု အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာခဲ့ကြောင်းလည်း သိရသည်။

တရုတ်တောင်ပိုင်း နေရာဒေသအများအပြားတွင် လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း အပူချိန်များ (၄၀) ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်ခဲ့ပြီး အစိုးရက ၁၉၆၁ ခုနှစ်တွင် အချက်အလက် စတင်စုဆောင်းခဲ့ချိန်နောက်ပိုင်း အပူပြင်းဆုံး အချိန်ကာလဟု ဆိုသည်။ 

ချုံချင့် တွင် (၃) ပတ်နီးပါးကြာ မိုးမရွာခဲ့ဘဲ လျှပ်စစ်ဓာတ်အားကို အလှည့်ကျစနစ်ဖြင့်ပေးခဲ့ပြီး အဓိက နိုင်ငံတကာကုမ္ပဏီများ၏ စက်ရုံများမှ ထုတ်ကုန်ပမာဏ လျော့ကျခဲ့သည်။

မိုခေါင်းခြောက်သွေ့မှုအပြင် ယန်ဇီမြစ်ဝှမ်းတစ်လျှောက် အလွန်ပူပြင်းမှုကလည်း မြို့များနှင့် ဒေသအများအပြားတွင် ကောက်ပဲသီးနှံစိုက်ခင်းများကို ခြိမ်းခြောက်ခဲ့သည်။ 

ပူပြင်းမှု၊ ရေကန်နှင့်မြစ်များ ခမ်းခြောက်နေသည့် ဓာတ်ပုံများကို ဆိုရှယ်မီဒီယာတွင် တွေ့ရသည်။ 

ချုံချင့် နှင့် စီချွမ်တွင် တောမီးလောင်မှုများကိုလည်း ရင်ဆိုင်ခဲ့သည်။ 

ဩဂုတ်လ (၂၉) ရက်နှင့် (၃၀) ရက်တို့တွင် စီချွမ်မြစ်ဝှမ်း၏ အနောက်တောင်ပိုင်းနှင့် ချုံချင့် မြောက်ပိုင်း နေရာဒေသများတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။

Source: Reuters