ထိုင်းနိုင်ငံ ဖူးခက်ကျွန်းမှ ထွက်ခွာလာသည့် ဘတ်စ်ကားပေါ်တွင် ပစ်ခတ်မှုကြောင့် လူ (၂) ဦး ဒဏ်ရာရပြီး သေနတ်သမားက အဆုံးစီရင်သွား

ထိုင်းနိုင်ငံ ဖူးခက်ကျွန်းမှ ထွက်ခွာလာသည့် ဘတ်စ်ကားပေါ်တွင် ပစ်ခတ်မှုကြောင့် လူ (၂) ဦး ဒဏ်ရာရပြီး သေနတ်သမားက အဆုံးစီရင်သွား
ဖေဖော်ဝါရီ 10, 2023 | နိုင်ငံတကာသတင်း

 ထိုင်းနိုင်ငံ ဖူးခက် - ဖတ်သလောင် ကားလမ်းပေါ်တွင် မီနီဘတ်စ်ကားတစ်စီးပေါ်၌ အမျိုးသားခရီးသည်တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ရာ လူ (၂) ဦး ဒဏ်ရာရခဲ့ပြီး သေနတ်သမားက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ကြောင်း သိရသည်။ 

ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့ နံနက် (၆) နာရီ (၄၉) မိနစ်က Thepkasattri လမ်းမပေါ်  Khuan Din Daeng အကွေ့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်မှုဖြစ်ပွားသည့် နေရာမှာ မီနီဘတ်စ် ထွက်ခွာလာခဲ့သော ဖူးခက်ဘတ်စ်ကားဂိတ်မှ (၁) ကီလိုမီတာခန့် အကွာအဝေးတွင် ဖြစ်သည်။ 

အသက် (၃၀) နှစ်ဝန်းကျင်ရှိ ထိုင်းအမျိုးသားတစ်ဦးက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းလက်ခံရရှိခဲ့သည်။ 

ဘတ်စ်ကားပေါ်တွင် သေနတ်သံ (၂) ချက် ကြားခဲ့ရကြောင်း မျက်မြင်များက ပြောသည်။

ယာဥ်မောင်းက ဘတ်စ်ကားကို ရပ်တန့်လိုက်ပြီးနောက် ခရီးသည်များ ကားပေါ်မှ အလုအယက် ဆင်ပြေးခဲ့ကြသည်ဟု ဆိုသည်။ 

ပစ်ခတ်မှုကြောင့် မီနီဘတ်စ်ကားတွင် လိုက်ပါလာသော ခရီးသည်များအနက်မှ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) ဦး ဒဏ်ရာရခဲ့ပြီး ၎င်းတို့ကို Mission Hospital Phuket ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

သေနတ်သမားက ဘတ်စ်ကား၏ အလယ်ပိုင်းတွင် ထိုင်နေခဲ့ခြင်းဖြစ်ပြီး အနောက်ဘက်သို့ လမ်းလျှောက်သွားခဲ့ပြီးနောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ယာဥ်မောင်းဖြစ်သူ အသက် (၄၂) နှစ်အရွယ် Somyos Buakaew က ပြောသည်။ 

ထို့နောက် သေနတ်သမားက ၎င်း၏ထိုင်ခုံတွင် ပြန်ထိုင်ခဲ့ပြီး တုန်လှုပ်ခြောက်ခြားနေသည့် ပုံစံမျိုးမရှိကြောင်း ယာဥ်မောင်းက ဆိုသည်။

ရဲတပ်ဖွဲ့ဝင် (၃၀) ခန့်က ဘတ်စ်ကားအနီး ရောက်ရှိနေရာယူထားချိန်တွင် သေနတ်သမားက ဘတ်စ်ကားပေါ်၌ ဆက်ရှိနေခဲ့ကြောင်း သိရသည်။ 

ဘတ်စ်ကားပေါ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် နေရာနှင့် (၁) ကီလိုမီတာ အကွာအဝေးအတွင်း လမ်းပိတ်ထားခဲ့ပြီး ရဲတပ်ဖွဲ့က သေနတ်သမားနှင့် (၄) နာရီကြာ စေ့စပ်ညှိနှိုင်းခဲ့သည်။ 

စေ့စပ်ညှိနှိုင်းမှု မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် ရဲအရာရှိများက ဘတ်စ်ကားပေါ်သို့ မျက်ရည်ယိုဗုံးပစ်ပြီး ဝင်ရောက်စီးနင်းခဲ့ကြသည်။

သို့သော် သေနတ်သမားက လက်နက်ချ အညံ့မခံခဲ့ဘဲ နံနက် (၁၁) နာရီ (၁၀) မိနစ်ဝန်းကျင်တွင် ကိုယ့်ကိုယ်ကိုယ် ဦးခေါင်းကို သေနတ်ဖြင့်ပစ်ပြီး အဆုံးစီရင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

ထိုင်းမီဒီယာများ၏ အဆိုအရ သေနတ်သမားမှာ Krabi ပြည်နယ် Ao Luk ခရိုင်ဇာတိ Nawin Chuaykiang ဆိုသူဖြစ်ပြီး စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းခဲ့သူဖြစ်ကြောင်း သိရသည်။

 ရဲတပ်ဖွဲ့က ယခုတိုက်ခိုက်မှု ဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေသည်ဟု ဆိုသည်။

#TachileikNewsAgency

Source: Bangkok Post