တာချီလိတ်မြို့ 1G1 အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားနေရာကနေ ဖမ်းမိထားသည့် ထိုင်းနိုင်ငံသား (၁၅၀)ကျော်ကို အမြန်လွှတ်ပေးရန် လုပ်ဆောင်ပေးမည်ဟုဆိုကာ ရဲနှင့်ရှေ့နေ ပေါင်းပြီး ငွေတောင်း

တာချီလိတ်မြို့ 1G1 အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားနေရာကနေ ဖမ်းမိထားသည့် ထိုင်းနိုင်ငံသား (၁၅၀)ကျော်ကို အမြန်လွှတ်ပေးရန် လုပ်ဆောင်ပေးမည်ဟုဆိုကာ ရဲနှင့်ရှေ့နေ ပေါင်းပြီး ငွေတောင်း

မြန်မာနိုင်ငံအတွင်း ဖမ်းမိသည့် တရားမဝင် နိုင်ငံခြားသားများကို အမြန်ဆုံးအရေးယူပြီး ပြည်နှင်လွှဲပြောင်းပေးရန် ဗဟိုကော်မတီ သတ်မှတ်ထားသော်လည်း  တာချီလိတ်မြို့  1G1 အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကနေ ဖမ်းမိထားပြီး ပြန်လည် လွှတ်ပေးရန် ကျန်ရှိသည့် ထိုင်းနိုင်ငံသား (၁၅၄)ဦးနှင့် ပတ်သက်ပြီး အမြန်ဆုံးလွှတ်မြောက်ရန် လုပ်ဆောင်ပေးမည်ဟု ဆိုကာ ရဲနှင့်ရှေ့အနေအချို့ပေါင်းပြီး တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၁၇,၀၀၀)တောင်းနေကြောင်း သိရသည်။

"1G1 အနောက်က အွန်လိုင်းလုပ်ငန်းကနေ ဖမ်းမိထားတဲ့ ထိုင်းတွေကို တရားလွှတ်တော်ရှေ့နေ အမျိုးသမီးတစ်ဦးနဲ့  ရဲအရာရှိတို့ ပေါင်းပြီး အမှုလိုက်ပေးမယ်။ အမြန်လွှတ်အောင် လုပ်ပေးမယ်ဆိုပြီး တစ်ဦးကို ထိုင်းဘတ်ငွေ (၁၇,၀၀၀)တောင်းနေကြတယ်။ အဲ့ဒီရဲအရာရှိတွေကလည်း သူတို့နဲ့ ခင်မင်ရင်းနှီးတဲ့ ရှေ့နေတွေကိုပဲ မျက်နှာသာပေးတာ။ ပါဝါယူခွင့်ပေးတာတွေကို လုပ်လေ့ရှိတယ်"ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ၂၀၂၄ခုနှစ် ဧပြီလ (၆)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့တွင် အမှုကိစ္စများနှင့် ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေများအနက် ရဲတပ်ဖွဲ့နှင့် နီးစပ်သူများသာ အမှုလိုက်ခွင့်ရကြပြီး၊ ရဲတပ်ဖွဲ့ကလည်း အကျိုးတူပူးပေါင်းသည့်အနေဖြင့် ၎င်းတို့နှင့် ရင်းနှီးသည့် ရှေ့နေများကိုသာ ဦးစားပေးလေ့ရှိသည်ဟု ရှေ့နေအတိုင်းအဝိုင်းများထံက ကြားသိရသည်။

အွန်လိုင်းလောင်းကစား လုပ်ငန်းနေရာကနေ ဖမ်းမိထားသည့် ထိုင်းနိုင်ငံသား Mr Chaturon Kanti Boonyyana Kui အပါအဝင် အမျိုးသား(၇၆)ဦး နှင့် အမျိုးသမီး(၇၈)ဦး စုစုပေါင်း (၁၅၄)ဦးတို့အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၃၉/၂၀၂၄၊ လဝက အက်ဥပဒေ ပုဒ်မ ၁၃(ခ)/၁၃(၅)ဖြင့် လည်းကောင်း (ပ)၂၉/၂၀၁၉ ခုနှစ် လောင်းကစားဥပဒေပုဒ်မ ၁၈(က)ဖြင့်လည်းကောင်း အမှုဖွင့်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း တရားမဝင်ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများနှင့် ပတ်သက်ပြီး အမြန်ဆုံးအရေးယူပြီး အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၂၄ခုနှစ် မတ်လ(၂၉)ရက်နေ့က "မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးမိသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးဗဟိုကော်မတီ"က အစည်းအဝေးပြုလုပ်ခဲ့ပြီး  ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများကို အမြန်ဆုံးတရားစွဲဆိုပြီး အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးရန် တိုင်းနှင့်ပြည်နယ် ဗဟိုကော်မတီဝင်များဖြစ်သည့် ဝန်ကြီးချုပ်များကို ဗဟိုကော်မတီ ဥက္ကဌဖြစ်သူ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အဆိုပါ အစည်းအဝေးတွင် ညွှန်ကြားထားကြောင်း သိရသည်။

 "မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဖမ်းဆီးမိသည့် နိုင်ငံခြားသားများအား ဥပဒေနှင့်အညီ အမြန်ဆုံးအရေးယူ ပြည်နှင်လွှဲပြောင်းမှုကြီးကြပ်ရေးဗဟိုကော်မတီ"ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့က ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး အဓိက အားဖြင့် မြန်မာနိုင်ငံအတွင်း တရားမဝင် ရောက်ရရှိလာပြီး ကျားဖြန့် နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကနေဖြစ်စေ အခြားအကြောင်းအမျိုးမျိုးကြောင့် ဖြစ်စေ ဖမ်းမိထားသူများကို ဥပဒေအရ မြန်ဆုံးအရေးယူ စီရင်ချက်ချကာ အမြန်ဆုံး ပြည်နှင်လွှဲပြောင်းပေးနိုင်ရန်အတွက် ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း 1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ အကူးပိုင်းအချိန်တွင်  ဖမ်းဆီးရာမှ တရုတ်နိုင်ငံသား (၁)ဦး၊ ထိုင်းနိုင်ငံသား (၁၅၄)ဦး နှင့် မြန်မာနိုင်ငံသား (၅၄၂)ဦး ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဖမ်းမိသည့် မြန်မာနိုင်ငံသား (၅၄၂)ဦးတို့အား ခံဝန်များဖြင့် ပြန်လည်လွှတ်ပေးပြီးဖြစ်သော်လည်း ၎င်းတို့နှင့်အတူ ဖမ်းမိထားသည့် ထိုင်းနိုင်ငံသား (၁၅၄)ဦး ကျန်ရှိနေဆဲ ဖြစ်သည်။