ကျိုင်းတုံမြို့တွင် တာချီလိတ်မြို့မှ လာသူများ Quarantine ဝင်ရန် မလို

ကျိုင်းတုံမြို့တွင် တာချီလိတ်မြို့မှ လာသူများ Quarantine ဝင်ရန် မလို
ဇန်နဝါရီ 18, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 အတည်ပြုလူနာတွေ့ရှိမှု လျော့ကျသွားပြီဖြစ်၍ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၇) ရက်နေ့မှစ၍ တာချီလိတ်မှ လာသူများကို စစ်ဆေးနေသည့် ကျိုင်းတုံမြို့အဝင် ကျန်းမာရေးစစ်ဆေးသည့် ဂိတ်ကို ဖြုတ်သိမ်းလိုက်ပြီဖြစ်ပြီး quarantine ဝင်ရန်မလိုတော့ကြောင်း သိရသည်။

မနေ့ကစပြီး ကျွန်တော်တို့ ဂိတ်ကိုဖြုတ်လိုက်တယ်။ quarantine  မထားတော့ပါဘူး။ ကျိုင်းတုံမှာ ကျန်းမာရေးစစ်တဲ့ဂိတ်က ကျိုင်းဖောင်းဂိတ်နဲ့ အဝေးပြေးကားတွေကို စစ်တဲ့ဂိတ်ကျန်မယ်။ မိုင်းလား ဆီလူးဘက်က ဝင်လာတဲ့သူတွေကိုစစ်တဲ့ မိုင်းယန်းဂိတ်၊ တောင်ကြီးတို့ ရန်ကုန်တို့ဘက်က လာတဲ့ကားတွေကို စစ်တဲ့ မိုင်းပျဉ်းဂိတ်တော့ ကျန်မှာပါ။ နောက် ဆီလူးဘက်မှာ အဖြစ်များနေတယ်ကြားလို့ ကျွန်တော်တို့ မိုင်းယန်းကို အဓိက စောင့်ကြည့် စစ်ဆေးနေပါတယ်

ဟု ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ (၁၈) ရက်နေ့တွင် ပြောသည်။

တာချီလိတ်မှ ကျိုင်းတုံသို့ ညအိပ်နေထိုင်မည့် သူများအနေဖြင့် ရပ်ကွက်ထောက်ခံစာယူဆောင်လာရန် လိုအပ်မည်ဖြစ်ပြီး တာချီလိတ်ဘက်သို့ ပြန်ဝင်မည့်သူများ အနေဖြင့်လည်း တာချီလိတ်မြို့အဝင် မယ်ယန်း Covid-19 စစ်ဆေးရေးဂိတ်တွင် ရပ်ကွက်ထောက်ခံစာ ပြသရန်လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့မှစပြီး COVID 19 ဒေသတွင်းကူးစက်မှု စတင်တွေ့လာရသဖြင့် တာချီလိတ်မှ ကျိုင်းတုံသို့ အလည်အပတ်လာရောက်မှုကို ကန့်သတ်ခဲ့ပြီး နေရပ်ပြန်လာသူများကိုလည်း quarantine ထားကာ COVID 19 စစ်ဆေးခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

သတင်း - ချယ်ရီထိုက်

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။