မြန်မာနှင့် နယ်စပ်အနီး ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်တွင် ဒုတိယကမ္ဘာစစ်က ဖောက်လုပ်ခဲ့သည့် ဥမင်လှိုက်ခေါင်း ရှာဖွေတွေ့ရှိ

မြန်မာနှင့် နယ်စပ်အနီး ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်တွင် ဒုတိယကမ္ဘာစစ်က ဖောက်လုပ်ခဲ့သည့် ဥမင်လှိုက်ခေါင်း ရှာဖွေတွေ့ရှိ
By Mr John

ထိုင်း - မြန်မာနယ်စပ်ဒေသ ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်တွင် ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်သားများ ဖောက်လုပ်ခဲ့ကြသည်ဟု ယူဆရသော ဥမင်လှိုဏ်ခေါင်းတစ်ခုကို ဆောင်ခလာဘူရီ မှ ဒေသခံ (၂) ဦးက ရှာဖွေတွေ့ရှိခဲ့ကြသည်။ 

အသစ်တွေ့ရှိရသည့် ဥမင်လှိုဏ်ခေါင်းကို မှတ်တမ်းရိုက်ကူးရန် ရောက်ရှိလာသည့် ဂျပန်ရုပ်သံဌာန နီအွန်တီဗွီမှ  မှ အဖွဲ့ကို ၎င်းတို့ (၂) ဦးက ဦးဆောင်လမ်းပြခဲ့ကြသည်။

ထိုဥမင်လှိုက်ခေါင်းမှာ ကန်ချနဘူရီပြည်နယ် ဆောင်ခလာဘူရီခရိုင် ဆောင်ခလိန်ကျေးရွာတွင် တည်ရှိသည်။ 

ဥမင်လှိုဏ်ခေါင်း တွေ့ရှိမှုကို ထိုင်းမီဒီယာက ၂၀၂၄ ခုနှစ် မတ်လကုန်ပိုင်းတွင် သတင်းဖော်ပြခဲ့ပြီး စိတ်ဝင်စားမှုများစွာ ရရှိခဲ့သည်။ 

ဥမင်လှိုက်ခေါင်း၏ ဝင်ပေါက်နေရာမှာ ကျဥ်းမြောင်းလှပြီး အတွင်းသို့ ခါးကုန်း၍ ဝင်ရောက်ရသည်။

သို့သော် အတွင်းသို့ရောက်ရှိချိန်တွင် ဥမင်လှိုဏ်ခေါင်းမှာ (၆) ပေခွဲ (၂ မီတာ) ကျယ်ပြီး အမြင့် (၆) ပေမှ (၆.၂) ပေ (၁.၈၀ - ၁.၉၀ မီတာ) ရှိကြောင်း တွေ့ရသည်။ 

ဝင်ပေါက်နေရာမှ ဥမင်လှိုဏ်ခေါင်း အဆုံးအထိ အကွာအဝေးမှာ (၁၁၅) ပေ (၃၅ မီတာ) ခန့် ဖြစ်သည်။ 

ထိုဥမင်လှိုဏ်ခေါင်းထဲတွင် လေထုအခြေအနေမှာ အေးမြပြီး အဆင်ပြေပြေရှိကာ အပူချိန် (၂၀) မှ (၂၅) ဒီဂရီဆဲလ်စီးယပ်ခန့် ရှိသည်။

ဥမင်လှိုဏ်ခေါင်း၏ အလုံးစုံ အခြေအနေမှာ အတော်ကောင်းမွန်ပြီး ဝင်ပေါက်နှင့် အဆုံးနေရာတို့တွင် မြေပြိုမှု လက္ခဏာများကိုသာ တွေ့ရသည်။ 

ကန်ချနဘူရီပြည်နယ်မှာ ဒုတိယကမ္ဘာစစ်၏ အရေးကြီးသော သမိုင်းဝင်နေရာတစ်ခုဖြစ်သည့် ကမ္ဘာကျော် ကွေးမြစ်ကူးတံတား (River Kwai Bridge) တည်ရှိရာ နေရာလည်း ဖြစ်သည်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်က ဗြိတိသျှ၊ အမေရိကန်၊ ဩစတြေးလျ၊ ဒတ်ချ်၊ နယူးဇီလန် စစ်သားများအပြင် တရုတ်၊ ဗီယက်နမ်၊ ဂျာဗားကျွန်းသားများ၊ မလေးရှား၊ ထိုင်း၊ မြန်မာနှင့် အိန္ဒိယ အလုပ်သမားများ အပါအဝင် မဟာမိတ် စစ်သုံ့ပန်း (၆၁,၇၀၀) ကို အတင်းအဓမ္မ စုဆောင်းကာ မြန်မာနိုင်ငံသို့ ဆက်သွယ်ရန် မဟာဗျူဟာမြောက် ရထားလမ်းဖောက်လုပ်ရေးတွင် ချွေးတပ်သားအဖြစ် လုပ်ကိုင်စေခဲ့သည်။

တံတား တည်ဆောက်ရေးနှင့် ရထားလမ်း ဖောက်လုပ်ရေးအတွင်း ခက်ခဲပင်ပန်းမှု၊ စစ်ပွဲ၏ ရက်စက်ကြမ်းကြုတ်မှု၊ ရောဂါဘယ ဖြစ်ပွားမှုများနှင့် အစာရေစာ ရှားပါးပြတ်လပ်မှုတို့ကြောင့် ထောင်ပေါင်းများစွာသော စစ်သုံ့ပန်းများ သေဆုံးခဲ့ကြရသည်။ 

ထိုရထားလမ်းကို သေမင်းတမန် ရထားလမ်းဟု လူသိများလာကြသည်။ 

သေဆုံးခဲ့ရသူများအတွက် အောက်မေ့ဖွယ် အခမ်းအနားကို နှစ်စဥ် ကွေးမြစ်ကူးတံတားနှင့် သေမင်းတမန် ရထားလမ်းတွင် ပြုလုပ်လေ့ရှိရာ နိုင်ငံအများအပြားမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

Source: Khaosod

 Photos: Naewna,