အိန္ဒိယနိုင်ငံတွင် မတ်လနှင့် မေလအတွင်း အပူလှိုင်းများ ကြုံတွေ့ရနိုင်ကြောင်း သတိပေးထား

[ Photo: AP /Channi Anand ]
[ Photo: AP /Channi Anand ]
အိန္ဒိယနိုင်ငံတွင် မတ်လနှင့် မေလအတွင်း အပူလှိုင်းများ ကြုံတွေ့ရနိုင်ကြောင်း သတိပေးထား
By Mr John

အိန္ဒိယနိုင်ငံတွင် မတ်လနှင့် မေလအတွင်း အထူးသဖြင့် ဂျုံစိုက်ပျိုးထုတ်လုပ်မှု အချက်အချာဖြစ်သည့် အလယ်ပိုင်းနှင့် မြောက်ပိုင်း ပြည်နယ်များ၌ အပူလှိုင်းများ ကြုံတွေ့ရနိုင်ကြောင်း မိုးလေဝသဌာန အရာရှိများက ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့တွင် ပြောသည်။ 

အိန္ဒိယတွင် စံချိန်တင် အမြင့်ဆုံး အပူချိန်ကို ဖေဖေါ်ဝါရီလအတွင်း ကြုံခဲ့ရသည်ဟု ဆိုသည်။

(၂) နှစ်ဆက်တိုက် အပူလှိုင်းဖြတ်သန်းမှုကြောင့် ဂျုံ၊ ဟင်းရွက်ဆီထုတ်သည့် rapeseed နှင့် ကုလားပဲ စိုက်ပျိုးထုတ်လုပ်ရေးကို ထိခိုက်နိုင်ပြီး စားနပ်ရိက္ခာဈေးနှုန်း မြင့်တက်မှုလျှော့ချရန် အစိုးရ၏ ကြိုးပမ်းမှုများကို ရှုပ်ထွေးစေနိုင်သည်။ 

အပူချိန်မြင့်မားမှုကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှုလည်း မြင့်တက်နိုင်ပြီး နွေရာသီကာလအတွင်း သုံးစွဲမှုမှာ ဖြန့်ဖြူးမှုထက် ပိုများနိုင်သည်ဟု ဆိုသည်။

အိန္ဒိယတွင် ဖေဖေါ်ဝါရီလအတွင်း ပျမ်းမျှအပူချိန် (၂၉.၅၄) ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ပြီး မိုးလေဝသမှတ်တမ်းများ စတင်ပြုစုခဲ့သည့် ၁၉၀၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ကြောင်း အိန္ဒိယမိုးလေဝသဌာန India Meteorological Department (IMD) က ပြောသည်။ 

အနာဂတ်ကာလတွင် အပူလှိုင်းကြုံတွေ့ရမှု အကြိမ်ရေ ပိုများလာနိုင်ကြောင်းနှင့် ပြီးခဲ့သည့် ဆယ်စုနှစ် (၂) ခုအတွင်း မုတ်သုန်ရာသီ၌ပင် ပျမ်းမျှအပူချိန်များ မြင့်တက်ခဲ့ကြောင်း အိန္ဒိယအစိုးရတာဝန်ရှိသူများက ၂၀၂၂ ခုနှစ်အတွင်း သတိပေးခဲ့သည်။

"အပူချိန်တွေက နိုင်ငံရဲ့ နေရာအချို့မှာ ပုံမှန်မဟုတ်ဘဲ မြင့်တက်နေပြီ ဖြစ်ပါတယ်" ဟု အိန္ဒိယကျန်းမာရေးဝန်ကြီးက ပြည်နယ်အားလုံးနှင့် ပြည်ထောင်စုနယ်မြေများသို့ ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့တွင် ပေးပို့သည့်စာတစ်စောင်တွင် ပြောထားသည်။ 

အိန္ဒိယအစိုးရက နိုင်ငံတဝန်းရှိ ကျန်းမာရေးဌာနများကို အပူချိန်မြင့်တက်မှုနှင့် ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဥ်များ အကောင်အထည်ဖော်ကြရန် ညွှန်ကြားထားကြောင်း သိရသည်။

Source: Reuters