ချီလီနိုင်ငံတွင် အာဏာရှင်ခေတ်အတွင်း မွေးကင်းစအရွယ်၌ ခိုးယူခံခဲ့ရပြီး (၄၂) နှစ်ကြာမှ မိခင်အရင်းနှင့် ပြန်ဆုံခွင့် ရခဲ့သူ

ချီလီနိုင်ငံတွင် အာဏာရှင်ခေတ်အတွင်း မွေးကင်းစအရွယ်၌ ခိုးယူခံခဲ့ရပြီး (၄၂) နှစ်ကြာမှ မိခင်အရင်းနှင့် ပြန်ဆုံခွင့် ရခဲ့သူ
စက်တင်ဘာ 12, 2023 | နိုင်ငံတကာသတင်း
By Mr John

 ချီလီနိုင်ငံတွင် အာဏာရှင် အော်ဂတ်စတို ပီတိုချေး (Augusto Pinochet) အုပ်ချုပ်စဥ်ကာလအတွင်း မွေးဖွားချိန်၌ ခိုးယူခံခဲ့ရပြီး အမေရိကန်နိုင်ငံတွင် ကြီးပြင်းလာခဲ့သူ အသက် (၄၂) နှစ်အရွယ် ရှေ့နေတစ်ဦးက ၎င်း၏ မိခင်အရင်းနှင့် ပထမဆုံးအကြိမ် ပြန်ဆုံတွေ့ရန် တောင်အမေရိကသို့ မိုင်ပေါင်းထောင်ချီ ခရီးနှင်လာခဲ့သည်။

မိခင်နှင့်အတူ

"သူတို့က ကျွန်တော့်ကို မွေးကတည်းက ယူသွားကြပြီး ကျွန်တော် သေသွားပြီလို့ ပြောထားခဲ့ကြတော့ သူမက ကျွန်တော့်အကြောင်း မသိရှာပါဘူး" ဟု Jimmy Lippert Thyden က မိခင်အရင်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံရန် လေယာဥ်စီးလာစဥ် TikTok ဗီဒီယိုတစ်ခုတွင် ပြောထားသည်။ 

 Jimmy Lippert Thyden ငယ်စဉ်က ပုံ

"သူမက ကျွန်တော့် အလောင်းကို မေးတဲ့အခါ သူတို့က စွန့်ပစ်လိုက်ပြီလို့ ပြောခဲ့ကြတာ။ ဒါကြောင့် ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် တစ်ခါမှ မဆုံဖူး မပွေ့ဖက်ဖူးဘူး" ဟုလည်း Lippert က ဖွင့်ဟခဲ့သည်။

ချီလီနိုင်ငံ မြို့တော်၏ တောင်ဘက် မိုင် (၄၆၀) အကွာရှိ မွေးမိခင်၏ ဇာတိမြို့ Valdivas သို့ ပန်းစည်းတစ်စည်းကိုင်လျက် ရောက်ရှိလာသူ Lippert က မိခင်အရင်း Maria Angelica Gonzalez နှင့် ပြန်ဆုံတွေ့ရချိန်တွင် မျက်ရည်စို့လျက် ပွေ့ဖက်ပြီး မိခင်ကိုချစ်သည်ဟု ပြောခဲ့သည်။ 

Lippert က ၎င်း၏ ဇနီး၊ သမီး (၂) ဦးတို့နှင့်အတူ မိခင်အရင်းကို တွေ့ဆုံရန် ချီလီကို ခရီးထွက်လာခဲ့ခြင်း ဖြစ်သည်။ 

Lippert ၏ သမီး (၂) ဦးကလည်း အဘွားဖြစ်သူနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြရသည်။

ချီလီနိုင်ငံတွင် (၁၇) နှစ်ကြာ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့စဥ်အတွင်း ကွဲကွာခဲ့ကြသူများ ပြန်လည်ဆုံတွေ့နိုင်ရန် ကူညီပေးနေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်း Nos Buscamos နှင့် DNA ခြေရာခံစစ်ဆေးနိုင်သော MyHeritage.com မှတစ်ဆင့် Lippert က ၎င်း၏ မိခင်အအရင်း အပါအဝင် မိသားစုနှင့် ပြန်လည် ဆက်သွယ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ချီလီတွင် ၁၉၇၃ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ အာဏာရှင် ပီနိုချေး အုပ်ချုပ်စဥ်ကာလအတွင်း ထောင်နှင့်ချီသော လူများ ပျောက်ဆုံးသွားခဲ့ကြပြီး လူပေါင်းသောင်းနှင့်ချီ ညှဥ်းပန်းနှိပ်စက်ခံခဲ့ကြရသည်။ 

Nos Buscamos အဖွဲ့အစည်း၏ အကူအညီဖြင့် လူ (၄၀၀) ခန့်ကို ၎င်းတို့၏ မိသားစုနှင့် ပြန်လည်ဆက်သွယ်ပေးနိုင်ခဲ့သည်။ 

အာဏာရှင် ပီနိုချေး လက်ထက်တွင် လူကုန်ကူးသူများက မွေးဖွားလာသည့် ကလေးများကို ခိုးယူပြီး နိုင်ငံခြားသားများထံ အမေရိကန်ဒေါ်လာ (၁၀,၀၀၀) သို့မဟုတ် (၁၅,၀၀၀) ဖြင့် ရောင်းစားကြကြောင်းနှင့် မိဘများကိုမူ ကလေးများ သေဆုံးသွားကြောင်း ပြောခဲ့ကြသည်။

Source: Reuters

Photo: AP