မြန်မာစစ်အုပ်စုထံသို့ လေယာဉ်ဆီ တင်ပို့ရောင်းချမှု ရပ်ဆိုင်းရန် ကုလက အစိုးရများအား တောင်းဆို

Photo: မတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီကျော်တွင် စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရသည့် ဖယ်ခုံမြို့နယ် လအိကျေးရွာဆေးရုံ 
Photo: မတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီကျော်တွင် စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရသည့် ဖယ်ခုံမြို့နယ် လအိကျေးရွာဆေးရုံ 
မြန်မာစစ်အုပ်စုထံသို့ လေယာဉ်ဆီ တင်ပို့ရောင်းချမှု ရပ်ဆိုင်းရန် ကုလက အစိုးရများအား တောင်းဆို
By Tachileik News Agency

မိမိပြည်သူကို ပြန်၍အကြမ်းဖက်နေသော မြန်မာနှင့် အီရန်အပေါ်  ဖိအားပေးရန်   ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ၂၀၂၄ ခုနှစ် ဧပြီလ (၄) ရက်နေ့တွင် သဘောတူဆုံးဖြတ်လိုက်ကြသည်။ 

အာဏာသိမ်း မြန်မာစစ်အုပ်စုအနေဖြင့် လေယာဥ်ဆီကို လူ့အခွင့်အရေးချိုးဖောက်ရန် အသုံးပြုနေသည်ဟု ယုံကြည်သည့် နိုင်ငံတကာ အစိုးရများအနေဖြင့်  မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တင်ပို့ခြင်း သို့မဟုတ် ရောင်းချခြင်း မပြုရေး တောင်းဆိုရန် အဖွဲဝင်နိုင်ငံ (၄၇) နိုင်ငံပါဝင်သည့် လူ့အခွင့်အရေးကောင်စီတွင် သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။

အလားတူပင် မြန်မာအာဏာသိမ်းစစ်အုပ်စုအား လက်နက်များ၊ ခဲယမ်းမီးကျောက်နှင့် အခြား စစ်ဘက်ဆိုင်ရာအသုံးအဆောင်များ တရားမဝင် ပေးပို့နေခြင်းများကိုလည်း ရပ်တန့်ကြရန် လူ့အခွင့်အရေးကောင်စီက တိုက်တွန်းထားသည်။ 

ဒီမိုကရေစီ လိုလားသော တော်လှန်ရေး အင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဖြစ်ပွားနေသော တိုက်ပွဲများတွင် ရှုံးနိမ့်မှုများ ပိုမိုတွေ့ကြုံလာရသည်နှင့်အမျှ မြန်မာစစ်အုပ်စုက အရပ်သားများအပေါ်  အကြမ်းဖက်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်နေကြောင်း လူ့အခွင့်အရေးကောင်စီက တာဝန်ပေးထားသည့် လွတ်လပ်‌သော ကျွမ်းကျင်သူအဖွဲ့က ၂၀၂၄ ခုနှစ် မတ်လအတွင်း သတိပေးခဲ့သည်။

မြန်မာစစ်တပ်က ‌ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံ အစိုးရထံမှ လွန်ခဲ့သော (၃) နှစ်‌ကျော် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ဥပဒေမဲ့ အာဏာသိမ်းခဲ့မှုကြောင့် ပေါ်ပေါက်လာသည့် ပြည်သူများ၏ အကြမ်းမဖက် ဆန့်ကျင်ဆန္ဒပြမှုများကို စစ်တပ်က လူသေဆုံးစေသည်အထိ အကြမ်းဖက် အင်အားသုံးဖြိုခွင်းမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စစ်တပ်၏ ဖိနှိပ်ဖြိုခွင်းမှုကြောင့် လက်နက်ကိုင် တော်လှန်ရေး ပေါ်ပေါက်လာပြီး မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် အရှိန်မြင့်လာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့  ဥပဒေချိုးဖောက်ကာ လောင်စာဆီ တင်ပို့နေမှုများကို အရေးယူဆောင်ရွက်ရန် လူ့အခွင့်အရေးအုပ်စု Amnesty International က အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီး လေယာဉ်ဆီ ထောက်ပံ့ပို့ဆောင်ရာတွင် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများကို ရှောင်ရှားရန် ကြိုးပမ်းမှုကို ထင်ရှားစေသည့် ကုန်စည်ပို့ဆောင်မှုဆိုင်ရာ အချက်အလက်များကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ထောက်ပြခဲ့သည်။ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တင်ပို့မှု အနည်းဆုံး (၇) ခုရှိခဲ့ပြီး ထိုတင်ပို့မှုများမှာ ဗီယက်နမ်နိုင်ငံရှိ လောင်စာဆီသိုလှောင်ရာ နေရာတစ်ခုနှင့် တိုက်ရိုက် ဆက်နွယ်နေကြောင်း Amnesty International က ပြောခဲ့သည်။

လက်ရှိ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဗီယက်နမ်က ကောင်စီ၏ အများသဘောတူညီမှုအတိုင်း မရပ်တည်ခဲ့ခြင်း ဖြစ်သည်။

 "ဒါက စစ်ရာဇဝတ်မှုတွေ ကျုးလွန်ဖို့ လေကြောင်းတိုက်ခိုက်မှု အသုံးပြုသူတွေထံ လေယာဉ်ဆီ ထောက်ပံ့တာက ပုံမှန် ကူးသန်းရောင်းဝယ်ရေးလို့ လက်ခံနိုင်စရာ မရှိဘူးဆိုတဲ့အကြောင်း ကုလသမဂ္ဂရဲ့ အဓိက လူ့အခွင့်အရေးအဖွဲ့ထံမှ အရေးပါတဲ့ သတင်းစကားတစ်ခု ဖြစ်ပါတယ်" ဟု Amnesty International ၏ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ် Iniyan Ilango က ပြောသည်။

မြန်မာနှင့်ပတ်သက်သည့် သဘောတူဆုံးဖြတ်ချက်မှာ ကောင်းမွန်သော စတင်မှုတစ်ခု ဖြစ်သော်လည်း မြန်မာနိုင်ငံသို့ လေယာဉ်ဆီ တိုက်ရိုက်နှင့် တစ်ဆင်ခံ တင်ပို့မှု ရပ်ဆိုင်းရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အနေဖြင့် စည်းမျဉ်းသတ်မှတ်ချက် ချမှတ်သင့်ကြောင်း ၎င်းကဆိုသည်။ 

ထိုသို့ ဆောင်ရွက်မှုဖြင့် မြန်မာစစ်တပ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုမြောက်သည့် လေကြောင်းတိုက်ခိုက်မှုများ ဆက်မလုပ်နိုင်ရန် တားဆီး‌ရာတွင် အကူအညီဖြစ်စေသောကြောင့် မြေပြင်တွင် အရေးပါသော သက်ရောက်မှုရှိလိမ့်မည်ဟုလည်း Iniyan Ilango က ထောက်ပြသည်။ 

လူ့အခွင့်အရေးကောင်စီက ဖေဖေါ်ဝါရိလ (၂၆) ရက်နေ့တွင် စတင်ခဲ့သော ၂၀၂၄ ခုနှစ်၏ ပထမအကြိမ် အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သဘောတူဆုံးဖြတ်ဖျက်ကို ချမှတ်လိုက်ခြင်းပင် ဖြစ်သည်။ 

ကောင်စီ၏ အစည်းအဝေးတွင် ဆူဒန်၊ ဘယ်လာရုစ်နှင့် မြောက်ကိုရီးယားကဲ့သို့  နိုင်ငံများမှ ကလေးသူငယ် အခွင့်အရေး၊ ပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေး၊ လူမျိုးတုံး သတ်ဖြတ်မှု တားဆီးရေးနှင့် အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအပေါ် သဘောတူဆုံးဖြတ်ချက် (၄၀) ကျော် ဆွေးနွေးခဲ့ကြသည်။

Source: AP