လာအိုနိုင်ငံမှ နေရပ်ပြန်များကို အသုတ်လိုက်ခွဲ၍လက်ခံမည်ဖြစ်ပြီး စာရင်းမပေးရသေးသူများ စာရင်းထပ်ပေးနိုင်

လာအိုနိုင်ငံမှ နေရပ်ပြန်များကို အသုတ်လိုက်ခွဲ၍လက်ခံမည်ဖြစ်ပြီး စာရင်းမပေးရသေးသူများ စာရင်းထပ်ပေးနိုင်

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်ဘက်တွင် အခက်အခဲဖြစ်နေ၍ နေရပ်ပြန်လိုကြောင်း စာရင်းပေးထားသည့် မြန်မာနိုင်ငံသားများကို ၂၀၂၁ ခုနှစ် ဇူလိုင်လ (၃၀) ရက်နေ့မှစ၍ အသုတ်လိုက်ခွဲ၍ မြန်မာဘက်တွင် လက်ခံသွားမည်ဖြစ်ရာ နေရပ်ပြန်ရန် စာရင်းမပေးရသေးသူများလည်း လာအိုရွှေတြိဂံဇုန်အလုပ်သမားရုံးတွင် ထပ်မံစာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

အသုတ်လိုက်ခွဲပြီး လက်ခံသွားမှာ။ ဒီဘက်မှာ COVID 19 စစ်ဆေးပေးမှာပါ။ စာရင်းမပေးရသေးသူတွေလည်း နေရပ်ပြန်ချင်တယ်ဆိုရင် လာအိုရွှေတြိဂံဇုန်အလုပ်သမားရုံး Voe Kham ဆီမှာ စာရင်းလက်ခံမယ်လို့ သိရပါတယ်

ဟု မြန်မာတာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လာအိုနိုင်ငံမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား လက်ခံရေးအတွက် တာချီလိတ်ခရိုင်နှင့် လာအိုနိုင်ငံမှ ဟွေဆိုင်းခရိုင်တာဝန်ရှိသူများ ဇူလိုင်လ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် တွေ့ဆုံညှိနှိုင်းကြပြီး ဇူလိုင်လ (၃၀) ရက်နေ့ နံနက် (၉)နာရီတွင် ပထမအသုတ်အဖြစ် နေရပ်ပြန် (၁၀၀) ဦး၊ ဒုတိယအသုတ်အနေဖြင့် ဩဂုတ်လ (၁) ရက်နေ့ နံနက် (၉)နာရီတွင် (၁၅၀) ဦးနှင့် ကျန်စာရင်းထပ်တိုးသူများကို ဆက်လက်လက်ခံရန် သဘောတူထားကြောင်း သိရသည်။

နေရပ်ပြန်မည့် မြန်မာနိုင်ငံသားများအား မိုင်းမောဆိပ်ကမ်းအထိ လာအိုဘက်တာဝန်ရှိသူများက ပို့ဆောင်ပေးမည်ဖြစ်ကာ ဝမ်ပုံဆိပ်ကမ်းတွင် နေရပ်ပြန်များအား COVID 19 စစ်ဆေး၍ Negative အဖြေရသူများ နေရပ်သို့ စီစဉ်ပေးသည့်ကားများဖြင့် ပြန်ကြရမည်ဖြစ်ပြီး ပိုးတွေ့သူများ ကုသမှုခံယူပြီးမှ နေရပြန်ရမည်ဖြစ်ကြောင်း သိရသည်။

နေရပ်ပြန်များအနေဖြင့် မိုင်းမောဆိပ်ကမ်းနှင့် ဝမ်ပုံဆိပ်ကမ်းကြား စက်လှေကူးဖြတ်ခ တစ်ဦးလျှင် ဘတ် (၁၀၀)၊ ဝမ်ပုံဆိပ်ကမ်းတွင် COVID 19 စစ်ဆေးခ တစ်ဦးလျှင် ကျပ် (၁) သောင်း၊ Negative အဖြေရသူများ နေရပ်ပြန်ရန် ဝမ်ပုံမှ တောင်ကြီးသို့ကားခ တစ်ဦးလျှင် ကျပ် (၃၅,၀၀၀) တို့ကို ကိုယ်တိုင်ကျခံကြရမည်ဖြစ်ကြောင်း သိရသည်။

လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်ဘက်မှ မြန်မာရွှေ့​ပြောင်းလုပ်သား (၃၀၀) ဦးစာအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ငါး​သေတ္တာဘူးတို့ကို တစ်ဦးလျှင် ဘတ် (၄၅၀) နှုန်းဖြင့် စုစုပေါင်း ဘတ် (၁၃၅၀၀၀) တန်ဖိုးရှိ စား​သောက်ကုန်များအား လာအိုနိုင်ငံတာဝန်ရှိသူများမှတစ်ဆင့် ပေးဝေနိုင်ရန် အဆိုပါညှိနှိုင်းအစည်းအဝေးတွင် မြန်မာဘက်က ပေးလှူလိုက်သည်ဟုလည်း သိရသည်။

COVID 19 ကပ်ရောဂါကြောင့် နိုင်ငံအသီးသီးတွင် ဒုက္ခရောက်နေသည့် မြန်မာများကို ၂၀၂၀ ခုနှစ်အတွင်း လက်ခံလာခဲ့ရာ လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန်ဘက်တွင် COVID 19 ကြောင့် အခက်အခဲဖြစ်နေသည့် မြန်မာနိုင်ငံသားများကို ၂၀၂၀ခုနှစ် မေလ(၈)ရက်နေ့ကစတင်၍ လက်ခံလာခဲ့ခြင်းဖြစ်ပြီး စစ်တပ်က အာဏာသိမ်းလိုက်သည့် ဖေဖေါ်ဝါရီလမှစ၍ လာအိုအပါအဝင် နယ်စပ်ဒေသများမှ နေရပ်ပြန်မည့်မြန်မာများအား လက်ခံခြင်းမရှိတော့ဘဲ ရပ်ဆိုင်းသွားခဲ့ရခြင်းဖြစ်သည်။

လာအိုဘက်တွင် စားသောက်နေထိုင်ရေးအပါအဝင် အခက်အခဲမျိုးစုံကြုံတွေ့နေရသဖြင့် နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားစာရင်းကို ရွှေတြိဂံအထူးစီးပွားဇုန်က (၂) ကြိမ်တိုင်တိုင် စာရင်းကောက်ယူပြီး (၆)လ ဝန်းကျင်အကြာ ဇူလိုင်လဒုတိပတ်အတွင်း၌ လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် လာအိုရှိမြန်မာသံရုံးသို့ပေးပို့ခဲ့ကာ နေရပ်ပြန်မြန်မာများအား လက်ခံမည့်ရက်ကို ဇူလိုင်လ (၂၈) ရက်နေ့တွင် ဆွေးနွေးကြခြင်းဖြစ်သည်။

လာအိုဘက်မှ နေရပ်ပြန်ရန် လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့ထားသည့် လူဦးရေ (၄၄၆) ဦးအပြင် ဇူလိုင်လ (၂၅) ရက်နေ့က လာအိုရွှေတြိဂံအထူးစီးပွားရေးဇုန် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ထပ်မံကောက်ခံထားသည့် လူဦးရေ (၂၉၀)ကျော်ကို တာချီလိတ်ခရိုင်ဘက်သို့ ပေးပို့ထားခြင်းဖြစ်သည်။

#TachileikNewsAgency