တရုတ်မြောက်ပိုင်း နှင့် ဘေဂျင်းမြို့တွင် တစ်လအတွင်း (၄) ကြိမ်မြောက် သဲမုန်တိုင်းတိုက်မှု ဖြစ်ပေါ်

တရုတ်မြောက်ပိုင်း နှင့် ဘေဂျင်းမြို့တွင် တစ်လအတွင်း (၄) ကြိမ်မြောက် သဲမုန်တိုင်းတိုက်မှု ဖြစ်ပေါ်
By Mr John

တရုတ်နိုင်ငံတွင် ဘေဂျင်းမြို့နှင့် နိုင်ငံအရှေ့မြောက်ပိုင်း နယ်မြေများတစ်လျှောက် တစ်လအတွင်း (၄) ကြိမ်မြောက် သဲမုန်တိုင်းတိုက်ခတ်မှု ဖြစ်ပေါ်ခဲ့ရာ ဒေသခံများမှာ လေထုညစ်ညမ်းမှုကိုရှောင်ရန် အိမ်ထဲ၌ပင် နေကြရကြောင်း သိရသည်။ 

တရုတ်မြို့တော် ဘေဂျင်းမြို့တွင် ၂၀၂၃ခုနှစ်၏ ဧပြီလ (၁၀) ရက်နေ့က လိမ္မော်ရောင် အမှုန်အမွှားများ ဖုံးလွှမ်းနေခဲ့ပြီး ဧပြီလ (၁၁) ရက်နေ့အထိ လေထုအတွင်း အမှုန်အမွှားများ ထူထပ်စွာ ဆက်လက်ရှိနေခဲ့သည်။

ဘေဂျင်းအာဏာပိုင်များက ကလေးများနှင့် သက်ကြီးရွယ်အိုများ အိမ်ထဲတွင်နေကြရန်နှင့် ကျန်းမာသော လူကြီးများလည်း ပြင်ပသွားလာလှုပ်ရှားမှုများ ရှောင်ကြဥ်ကြရန် ညွှန်ကြားထားသည်။ 

ထို့အတူ အိမ်ပြတင်းပေါက်များ ပိတ်ထားပြီး mask နှင့် မျက်နှာအကာများ တပ်ဆင်ကြရန် အကြံပြုထားကြောင်း သိရသည်။ 

သဲမုန်တိုင်းကြောင့် ဧပြီလ (၁၀) ရက်နေ့တွင် လေထုအရည်အသွေး အညွှန်းကိန်းမှာ ဆိုးရွားစွာ ညစ်ညမ်းသည့်အဆင့်သို့ ထိုးတက်သွားခဲ့ကြောင်း ဘေးဂျင်းမြို့တော် ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့်ဌာနက ပြောသည်။



လေထုအတွင်း PM10 အမှုန်အမွှားများ ပါဝင်မှု ပမာဏမှာ ဧပြီလ (၁၀) ရက် ဒေသစံတော်ချိန် ည (၉) နာရီအချိန်တွင် 1,321 ug/m3 (micrograms per cubic meter) အထက်သို့ ရောက်ရှိနေခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) ၏ နေ့စဥ် ပျမ်းမျှသတ်မှတ်ချက်ဖြစ်သည့် 45 ug/m3 ထက် အဆ (၃၀) နီးပါး ပိုများနေခဲ့ကြောင်း သိရသည်။

 

လေထုအတွင်း ပါဝင်သည့် PM10 အမှုန်အမွှား၏ အရွယ်အစားမှာ အချင်း (၁၀) မိုက်ခရိုမီတာ (10 micrometers) အောက်ဖြစ်ပြီး မျက်လုံးနှင့် နှာခေါင်း ယားယံမှုဖြစ်စေပြီး အဆုတ်သို့ ရောက်ရှိနိုင်သည်။ 

PM10 ထက် ပိုမိုသေးငယ်သည့် PM2.5 အမှုန်အမွှားများမှာမူ အဆုတ်ထဲသို့ ပိုမိုနက်ရှိုင်းစွာ ရောက်ရှိနိုင်ပြီး သွေးကြောအတွင်း ဝင်ရောက်နိုင်ခြေရှိသည်။ 

လေထုအရည်အသွေး အညွန်းကိန်း AQI (Air Quality Index) အရ PM2.5 မှာလည်း ဘေဂျင်းမြို့တွင် လွန်ခဲ့သည့် (၄၈) နာရီအတွင်း အန္တရာယ်ရှိအဆင့် ဖြစ်နေခဲ့ကြောင်း တွေ့ရသည်။

ဘေဂျင်းမြို့တွင် နွေဦးရာသီကာလအတွင်း အမှုန်အမွှားများနှင့်အတူ သဲမုန်တိုင်းများ ပုံမှန် ဖြစ်ပေါ်လေ့ရှိပြီး စက်မှုလုပ်ငန်းများ များပြားလာခြင်းနှင့် တရုတ်မြောက်ပိုင်းတစ်လျှောက် သစ်တောပြုန်းတီးမှု မြန်ဆန်လာခြင်းတို့ကြောင့် အခြေအနေ ပိုမိုဆိုးရွားစေခဲ့သည်။ 

ယခုနောက်ဆုံး သဲမုန်တိုင်းမှာ မတ်လ (၁၀) ရက် နောက်ပိုင်း (၄) ကြိမ်မြောက် သဲမုန်တိုင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်း လက်ရှိအချိန်အထိ (၈) ကြိမ်မြောက်ဖြစ်ကြောင်း တရုတ်အစိုးရမီဒီယာက ဖော်ပြသည်။

 ၂၀၂၃ ခုနှစ်အတွင်း အဆိုးဆုံး သဲမုန်တိုင်းတိုက်မှုကို မတ်လ (၂၂) ရက်နေ့တွင် ကြုံတွေ့ခဲ့ရပြီး ထိုစဥ်က PM10 ပမာဏမှာ 1,667 ug/m3 အထိရှိခဲ့ကြောင်းလည်း သိရသည်။

Source: CNN

Photo: VCG/Visual China Group/Getty Images, Yinan Chen,