ဖာပွန်ခရိုင်အတွင်း အင်အားဖြည့်နေသည့် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်တို့နှင့် KNU တို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေ

KNU soldiers (Photo: Dooplaya District KNU)
KNU soldiers (Photo: Dooplaya District KNU)
ဖာပွန်ခရိုင်အတွင်း အင်အားဖြည့်နေသည့် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်တို့နှင့် KNU တို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်များက စစ်အင်အားတိုးချဲ့နေသဖြင့် KNU နှင့် နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။



ကူးဆိပ်မှစစ်ကောင်စီတပ်များက ၂၀၂၁ ခုနှစ် မေလ (၂၇) ရက်နေ့ နံနက် (၁၁) နာရီဝန်းကျင်တွင် ဝေဆာဘက်သို့ စစ်ကြောင်းချီတက်လာသဖြင့် KNU နှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။



ယင်းအပြင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကလည်း မေလ (၂၇) ရက်နေ့တွင် သာဂေါ်ပလေရှိ တပ်ရင်း ၁၀၁၄ ဌာနချုပ်သို့ (၆) ဘီးယာဉ် (၂) စီး၊ (၄) ဘီးယာဉ် (၃) စီးဖြင့် ရိက္ခာဖြည့်တင်းမှုပြုလုပ်သည်ဟု သိရသည်။



အာဏာသိမ်းစစ်ကောင်စီ၏ ကော်ကော်ထာနှင့် ဘလောကြိုးရှိ တပ်စခန်းများကလည်း မေလ (၂၆) ရက်နေ့ နေ့လည် (၃) နာရီဝန်းကျင်တွင် မယ်ပဒေသ ဝေါခွဲ့ဒို၊ ဝေါခွဲ့ဖိုးနှင့် ဆာလော်ကြိုးဒေသများသို့ လက်နက်ကြီးများဖြင့် (၉) ချက်ပစ်ခတ်ခဲ့သည်။