အသက် (၉၅) နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးဟောင်း ဘန်နီဒစ်  ကွယ်လွန်

အသက် (၉၅) နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးဟောင်း ဘန်နီဒစ်  ကွယ်လွန်
ဒီဇင်ဘာ 31, 2022 | နိုင်ငံတကာသတင်း
By Mr John

 ဗာတီကန်မြို့တွင် နေထိုင်လျက်ရှိသည့် အသက် (၉၅) နှစ်အရွယ် ပုပ်ရဟန်မင်းကြီးဟောင်း ဘန်နီဒစ်သည် ယနေ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် ကွယ်လွန်သွားကြောင်း သိရသည်။ 

ဘန်နီဒစ်မှာ နှစ်ပေါင်း (၆၀၀) ကျော်အတွင်း ပုပ်ရဟန်းမင်းကြီးအဖြစ်မှ ပထမဆုံး အနားယူခဲ့သည့် ပုပ်ရဟန်မင်းလည်း ဖြစ်ခဲ့သည်။ 

၎င်းက ကျန်းမာရေးကြောင့် ၂၀၁၃ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီးအဖြစ်မှ အနားယူခဲ့ပြီး ထိုစဥ်ကတည်းက ဗာတီကန်တွင် နေထိုင်ခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် Holy See က ပြောသည်။

ပုပ်ရဟန်းမင်းကြီး၏ ရုပ်ကလပ်တော်ကို အများပြည်သူ ဂါရဝပြုနိုင်ရန် ဇန်နဝါရီလ (၂) ရက်မှစ၍ St. Peter's Basilica ခရစ်ယာန်ဘုရားကျောင်းတွင် ထားရှိသွားမည်ဟု ဗာတီကန်က ထုတ်ပြန်သည်။ 

ဒီဇင်ဘာလ (၃၁) ရက် နံနက် (၉) နာရီ (၃၄) မိနစ်အချိန်က ဗာတီကန်မြို့ရှိ Mater Ecclesiae Monastery တွင် ပုပ်ရဟန်မင်းကြီး ဘန်နီဒစ် ၁၆ (Pope Benedict XVI) ကွယ်လွန်သွားကြောင်း ပြောခွင့်ရအမျိုးသား Matteo Bruni က ထုတ်ပြန်ချက်တွင် ပြောထားသည်။

လက်ရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ယခင် ပုပ်ရဟန်းမင်းကြီး ဘန်နီဒစ်မှာ အလွန်အမင်း နာမကျန်းဖြစ်နေကြောင်း ယခုသီတင်းပတ်အတွင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ၎င်းအတွက် ဆုတောင်းပေးကြရန် လူထုကို ပန်ကြားခဲ့သည်။ 

ကမ္ဘာတဝန်း လူသိများခဲ့ပြီး ပုပ်ရဟန်းမင်းကြီးအဖြစ် (၂၇) နှစ်ကြာ ဆောင်ရွက်ခဲ့သည့် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ်လ်၏ နေရာကို ဆက်ခံသူအဖြစ် ၂၀၀၅ ခုနှစ် ဧပြီလ (၁၉) ရက်တွင် ဘန်နီဒစ်မှာ ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးနောက်  ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ (၂၈) ရက်တွင် ပုပ်ရဟန်းမင်းကြီးအဖြစ်မှ အနားယူခဲ့သည်။ 



ပုပ်ရဟန်းမင်းကြီး ဘန်နီဒစ်မှာ နှစ်ပေါင်း (၁,၀၀၀) အတွင်း ပထမဆုံး ဂျာမန်လူမျိုး ပုပ်ရဟန်မင်းကြီးလည်း ဖြစ်ခဲ့သလို ပုပ်ရဟန်းမင်းကြီးအဖြစ် ဆောင်ရွက်ခဲ့စဥ်အတွင်း ခရစ်ယာန် ဘုန်းတော်ကြီးများက ကလေးများအပေါ် မတော်တရော်ပြုမှု အရှုပ်အထွေးများကို ဘန်နီဒစ်က ကိုင်တွယ်ဖြေရှင်းခဲ့ရသည်။

Source: Reuters

Photo: REUTERS/Leonhard Simon, REUTERS/Guglielmo Mangiapane, AFP/Andreas Solaro