တရုတ်အလယ်ပိုင်းတွင် တိုက်လေယာဥ်တစ်စီး နေအိမ်များပေါ်ပျက်ကျပြီး လူတစ်ဦး သေဆုံး

တရုတ်အလယ်ပိုင်းတွင် တိုက်လေယာဥ်တစ်စီး နေအိမ်များပေါ်ပျက်ကျပြီး လူတစ်ဦး သေဆုံး
By Mr John

 

တရုတ်စစ်လေယာဥ်တစ်စီး တရုတ်နိုင်ငံအလယ်ပိုင်း လူနေဧရိယာအတွင်းသို့ ဇွန်လ (၉) ရက်နေ့က ပျက်ကျခဲ့ရာ အနည်းဆုံး လူတစ်ဦး သေဆုံးကြောင်း အစိုးရသတင်းဌာန CCTV က ပြောသည်။ 

ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ လေတပ်မှ Chengdu J-7 တိုက်လေယာဥ်မှာ ဟူဘေးပြည်နယ်အတွင်း လေ့ကျင့်ပျံသန်းနေစဥ် ပျက်ကျခဲ့ကြောင်းနှင့် မြေပြင်ရှိ နေအိမ်များ ပျက်စီးခဲ့ကြောင်း CCTV က ဖော်ပြသည်။

တိုက်လေယာဥ်ပျက်ကျမှုအတွင်း ဒေသခံတစ်ဦး သေဆုံးခဲ့ပြီး အခြား (၂) ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ 

လေယာဥ်မှူးမှာ လေယာဥ်ပျက်မကျမီ အရေးပေါ် ခုန်ထွက်နိုင်ခဲ့ပြီး လေထီးဖြင့် မြေပြင်သို့ ဆင်းသက်နိုင်ခဲ့ကြောင်းနှင့် အသေးစား ဒဏ်ရာများရခဲ့ကြောင်း တရုတ်အစိုးရသတင်းဌာန Xinhua က ဖော်ပြသည်။ 

လေယာဥ်မှူးနှင့် မြေပြင်ရှိ ဒဏ်ရာရခဲ့သူ (၂) ဦးတို့ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့နေသည့် ဗီဒီယိုများအရ လေယာဥ်ပျက်ကျမှုကြောင့် ဖြစ်ပွားခဲ့သည်ဟု ယူဆရသော နေအိမ်အချို့မီးလောင်မှုကို တွေ့ရသည်။ 

တရုတ်လေတပ်မှ တိုက်လေယာဥ်ပျက်ကျမှုမှာ ဟူဘေးပြည်နယ် Xiangyang မြို့ရှိ Laohekou လေဆိပ်အနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

တရုတ်နိုင်ငံတွင် ၂၀၁၉ ခုနှစ်က ဟိုင်နန်ပြည်နယ်အတွင်း ရေတပ်မှ လေယာဥ်တစ်စီး ပျက်ကျခဲ့ပြီး လေယာဥ်မှူး (၂) ဦး သေဆုံးခဲ့သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့ဖူးသည်။

Source: CNN, AFP