နဂါးနှစ်ကောင်ဆရာတော်၏ အန္တိမဈာပန ကျင်းပရန်အတွက် လမ်းဘေးဈေးဆိုင်နှင့် အစားအသောက်ဈေးသည်များ ဧပြီလ(၆)ရက်နေ့အထိ ဈေးမရောင်းချရန် အသိပေးထား

နဂါးနှစ်ကောင်ဆရာတော်၏ အန္တိမဈာပန ကျင်းပရန်အတွက် လမ်းဘေးဈေးဆိုင်နှင့် အစားအသောက်ဈေးသည်များ ဧပြီလ(၆)ရက်နေ့အထိ ဈေးမရောင်းချရန် အသိပေးထား
ဧပြီ 4, 2024 | ရှမ်းရှေ့

နဂါးနှစ်ကောင်ဆရာတော်၏ အန္တိမဈာပန အကြိုနေ့နှင့် အခမ်းအနားနေ့တို့တွင် လမ်းကြောပိတ်ဆို့မှု မဖြစ်စေရေးနှင့် ကြိုတင်ပြင်ဆင်နိုင်ရေးတို့အတွက် တာချီလိတ်မြို့တွင်း ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးတလျှောက်တွင် နေ့ပိုင်းနှင့် ညပိုင်း လမ်းဘေး ဘယ်ညာ ဈေးသည်များအားလုံး ဧပြီလ(၆)ရက်နေ့အထိ ခေတ္တပိတ်ထားရန် အသိပေးထားကြောင်း သိရသည်။

 ၂၀၂၄ခုနှစ် ဧပြီလ(၆)ရက်နေ့တွင် နဂါးနှစ်ကောင်ဆရာတော်၏ ရုပ်ကလပ်တော်အား စံကျောင်းကနေ စက်မှုဇုန် - မိုင်းဖုန်းသွားလမ်းဘေး  ဈာပနကွင်းသို့ ပင့်ဆောင်မည်ဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးတလျှောက် လမ်းဘေး ဘယ်ညာ ရှင်းလင်းရေးနှင့် လမ်းကြော မပိတ်ဆို့ရေးအတွက် ဧပြီလ(၅)ရက်နေ့က စပြီး သက်ဆိုင်ရာများက ပြင်ဆင်ရမည် ဖြစ်သည့်အတွက် လမ်းဘေး ဖွင့်လှစ်သည့် ဈေးဆိုင်နှင့် စားသောက်ဆိုင်များ၊ အစားအသောက်ရောင်းချသည့် လှည်းများအားလုံး ဈေးရောင်းချခြင်း မပြုလုပ်ရန် အသိပေးထားကြခြင်း ဖြစ်သည်။



တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်၏ ပဓာန နာယက၊ နိုင်ငံတော်ဩဝါဒါစရိယအဖွဲ့ဝင် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ  နဂါးနှစ်ကောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသီရိသည် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့က ပျံလွန်တော်မူသွားသည့်အတွက်  ဧပြီလ(၆)ရက်နေ့တွင် နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် စက်မှုဇုန် - မိုင်းဖုန်းသွားလမ်းဘေးတွင် အန္တိမအဂ္ဂိဈာပနပွဲ ပြုလုပ်မည်သည်။