တာချီလိတ်ရှိ ဆေးဆိုင် ၈ ဆိုင် ရွေးချယ်စစ်ဆေးသည့်အနက် ၁ ဆိုင်တွင် တားမြစ်တိုင်းရင်းဆေးများ တွေ့ရှိ

တာချီလိတ်ရှိ ဆေးဆိုင် ၈ ဆိုင် ရွေးချယ်စစ်ဆေးသည့်အနက် ၁ ဆိုင်တွင် တားမြစ်တိုင်းရင်းဆေးများ တွေ့ရှိ
နိုဝင်ဘာ 29, 2019
By Tachileik News Agency

တာချီလိတ်ရှိ ဆေးဆိုင် ၈ ဆိုင် ရွေးချယ်စစ်ဆေးသည့်အနက် ၁ ဆိုင်တွင် တားမြစ်တိုင်းရင်းဆေးများ တွေ့ရှိ



ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ဆေးဆိုင် (၈) ဆိုင်ကို တိုင်းရင်းဆေးဦးစီးဌာနက ဦးဆောင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့က ကွင်းဆင်းစစ်ဆေးရာ ဘေးအန္တရာယ်ရှိ၍ တားမြစ်ထားသည့် သစ္စာရှင်၊ မေတ္တာရှင် တိုင်းရင်းဆေးများ ရောင်းချနေသည့် ဆေးဆိုင်တစ်ဆိုင်ကို တွေ့ရကြောင်း သိရသည်။

“ဝမ်ကောင်းဈေးထဲက ဆေးဆိုင် (၄) ဆိုင်စစ်ဆေးတယ်။ လမ်းမကြီးဘေးက ဆေးဆိုင် (၄)ဆိုင်စစ်တယ်။ အဲဒီမှာ ဗိုလ်ချုပ်လမ်းဘေးက ဆေးဆိုင်တစ်ဆိုင်မှာတော့ ပိတ်ပင်တားမြစ်ထားတဲ့ သစ္စာရှင်၊ မေတ္တာရှင် ဆေးတွေကိုတွေ့လို့ တိုင်းရင်းဆေးက သိမ်းဆည်းလာပြီး ဖျက်ဆီးပစ်မယ်လို့ သိရပါတယ်။ ဒီစစ်ဆေးမှုက တိုင်းရင်းဆေးက စစ်ဆေးတာပါ”ဟု တာချီလိတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးနိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုကို တိုင်းရင်းဆေးဦးစီးဌာနကဦးဆောင်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ စည်ပင်သာယာဌာနတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

သစ္စာရှင်၊ မေတ္တာရှင် တိုင်းရင်းဆေးများတွင် နိုင်ငံခြားဆေးကိုထည့်သွင်းထားသည့်အပြင် တိုင်းရင်းဆေးဝါး မှတ်ပုံတင်ထားခြင်းမရှိဘဲ ထုတ်လုပ်ထားသဖြင့် အများပြည်သူအတွက် ဘေးအန္တရာယ်ဖြစ်စေ၍ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချခြင်းကို လုံးဝ(လုံးဝ) မပြုကြရန်နှင့် လိုက်နာခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁) (၃၂)အရ အရေးယူမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာထားခြင်းဖြစ်သည်။

တိုင်းရင်းဆေးဦးစီးဌာနက ဦးဆောင်သည့် စစ်ဆေးမှုတွင် တာချီလိတ်မြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များအနက် ဆေးဆိုင် (၈)ဆိုင်ကိုသာ ရွေးချယ် စစ်ဆေးခဲ့သည့်အနက် ဆေးဆိုင် (၁)ဆိုင်တွင် တားမြစ်ထားသည့် မေတ္တာရှင်ဆေးထုပ်နှင့် သစ္စာရှင်ဆေးထုပ် စုစုပေါင်း (၉၈) ထုပ်ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၂) ရက်နေ့ကလည်း တာချီလိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ဦးဆောင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆေးဆိုင် (၁၄) ဆိုင်ကို ကွင်းဆင်း စစ်ဆေးရာ ဆိုင် (၇) ဆိုင်တွင် သက်တမ်းလွန်နှင့် မှတ်ပုံမတင်သည့်ဆေးဝါးများ စစ်ဆေးတွေ့ခဲ့ရသဖြင့် နောက်ဆုံးအကြိမ်အဖြစ် ခံဝန်ကတိ လက်မှတ်ရေးထိုးခိုင်းထားခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းဆေးဦးစီးဌာနဦးဆောင်သည့်ပူးပေါင်းအဖွဲ့ဖြင့် တားမြစ်တိုင်းရင်းဆေးများ ရောင်းချခြင်းရှိမရှိကို လိုက်လံစစ်ဆေးနေရာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၃) ရက်နေ့က ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့မဈေးအတွင်းရှိ ဆေးဆိုင် (၃) ဆိုင်တွင် တားမြစ်ပိတ်ပင်ထားသည့် တိုင်းရင်းဆေးများဖြစ်သည့် ရွှေဆေးအမှတ်တံဆိပ်နှင့် သိဒ္ဓိရှင်အမှတ်တံဆိပ်ဆေးထုပ်များကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

Tachileik News Agency