ရန်ကုန်နှင့် မန္တလေးမြို့မှ နာမည်ကြီးရွှေဆိုင်များအပါအဝင် ဆိုင်(၇)ခုကို စစ်ကောင်စီပိတ်သိမ်း

ရန်ကုန်နှင့် မန္တလေးမြို့မှ နာမည်ကြီးရွှေဆိုင်များအပါအဝင် ဆိုင်(၇)ခုကို စစ်ကောင်စီပိတ်သိမ်း

ရန်ကုန်နှင့် မန္တလေးတိုင်းတို့ရှိ ရွှေဆိုင်(၇)ခုကို အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများ ညွှန်ကြားချက်ဆိုင်ရာ စည်းကမ်းချက်များ လိုက်နာခြင်းမရှိဟုဆိုကာ စစ်ကောင်စီ၏ ရွှေလုပ်ငန်းရှင်အသင်းက ပိတ်သိမ်းကြောင်း ယနေ့ ၂၀၂၄ ခုနှစ် ဧပြီလ(၃)ရက်နေ့တွင် ထုတ်ပြန်သည်။

ပိတ်သိမ်းလိုက်သည့် ရွှေဆိုင်များမှာ ရန်ကုန်တိုင်းမှ မောင်ကိန်း၊ နယူးတိုင်စင်၊ ခရမ်းသုံးခွဆိုင်များနှင့် မန္တလေးတိုင်းမှ ရွှေစင်ဝင်း ရွှေသန့်စင်ရေးလုပ်ငန်း၊ ရွှေမင်းသား ရွှေလှော်ဖိုလုပ်ငန်း၊ မန်းစံပယ် ရွှေရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ရွှေ ရွှေဆိုင်လုပ်ငန်းတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါဆိုင်များကို စစ်ကောင်စီ၏ ဗဟိုဘဏ်ဦးဆောင်မှုဖြင့် ရွှေနှင့် ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီက ပူးပေါင်းစစ်ဆေးရေးအဖွဲ့များကို ဖွဲ့စည်းစစ်ဆေးရာ အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်ရေး အသိအမှတ်ပြု မှတ်ပုံတင်လက်မှန်မရှိခြင်း၊ အဖိုးတန်သတ္တု (ရွှေ)ရောင်းဝယ်သူများ ညွှန်ကြားချက်ဆိုင်ရာ စည်းကမ်းချက်များ လိုက်နာခြင်းမရှိဟုဆိုကာ ပိတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အရေးယူထားသည့် (၇)ဆိုင်ကို ဧပြီလ(၂)ရက်နေ့ကစတင်၍ အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်ရေး အသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းဆောင်ရွက်ခြင်း မပြုရန် သတိပေးမှတ်တမ်းတင် လက်မှတ်ရေးထိုးစေခြင်း၊ လုပ်ငန်းယာယီရပ်ဆိုင်းခြင်း အပါအဝင် လိုအပ်သည့် အရေးယူမှုများကို သက်ဆိုင်ရာဥပဒေပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီ၏ ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီက ရွှေဈေးနှုန်းများကိုဈေးကစားပြီး စိုးရိမ်ပူပန်မှုရှိစေရန် သတင်းထုတ်လွှင့်နေသူများကိုလည်း အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency