ထားဝယ်-ရန်ကုန် အမှတ်(၈) ကားလမ်းတွင် PDFပူးပေါင်းတပ်များ စစ်ဆေးရေးပြုလုပ်

ထားဝယ်-ရန်ကုန် အမှတ်(၈) ကားလမ်းတွင် PDFပူးပေါင်းတပ်များ စစ်ဆေးရေးပြုလုပ်

တနင်္သာရီတိုင်း ထားဝယ်-ရန်ကုန် အမှတ်(၈) ကားလမ်းပေါ်၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်း၍ ၂၀၂၃ခုနှစ် ဇူလိုင်လ (၂)ရက်နေ့က နယ်မြေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

၎င်းနယ်မြေစိုးမိုးရေးစစ်ဆေးမှုကို PDF ပူးပေါင်းအဖွဲ့ (၉)ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပထမဦးဆုံးအကြိမ် ပြည်သူများနှင့် မိတ်ဆက်ခြင်းဖြစ်သည်ဟုလည်း သိရသည်။ 

အဆိုပါစစ်ဆေးရေးသည် အဓိကအားဖြင့် စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့နှင့်ဆက်စပ်သည့် ကုန်ပစ္စည်းများကို ရှာဖွေခြင်းဖြစ်ပြီး ရှောင်တခင် စစ်ဆေးမှုများကို မကြာခဏ ပြုလုပ်သွားမည်ဟုလည်း ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF)က Tachileik News Agencyကို ယနေ့ ဇူလိုင်လ (၄)ရက်နေ့တွင်ပြောသည်။

"အမှတ်(၈) လမ်းမကြီးကို စိုးမိုးနိုင်ရေးအတွက် ခြေလှမ်းစတင်နေတာဖြစ်ပါတယ်ခင်ဗျ။ မိဘပြည်သူများအနေနဲ့ သတိထားသွားလာကြဖို့နဲ့ ကျွန်တော်တို့အင်အားစုတွေနဲ့ အတတ်နိုင်ဆုံး ပူးပေါင်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ပြီးတော့ ကျွန်တော်တို့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း အခုအချိန်က တပေါင်းတစုတည်း လုပ်ရမယ့်အချိန်ဖြစ်နေပြီဖြစ်တဲ့အတွက် တညီတညွတ်ထဲ စည်းစည်းလုံးလုံး လုပ်သင့်တဲ့အချိန်ရောက်နေပြီလို့ တိုက်တွန်းလိုပါတယ်။"ဟု ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့(TPLF) က တာဝန်ရှိသူတစ်ဦးကလည်း ထုတ်ပြန်ပြောဆိုထားသည်။

နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ကံပေါက်ဒေသပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(KBDF)၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (T1)၊ ဝေဟင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ ဇင်ယော် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၊ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(TPDF)၊ ရေဖြူအလယ်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : KBDF