AA သိမ်းထားသည့် ရမ်းဗြဲမြို့ကို စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲ 

AA သိမ်းထားသည့် ရမ်းဗြဲမြို့ကို စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲ 

ရက္ခိုင့်တပ်တော်ကသိမ်းထားသည့် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၁၂)ရက်နေ့ နေ့လယ်ပိုင်းက လေကြောင်းမှ လာရောက်ဗုံးကြဲသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ရမ်းဗြဲမြို့နယ် ကျောက်ချောင်းတိုက်နယ်၊ သပြုချိန်ရွာကို လေကြောင်းမှ ဗုံးကြဲရာ နေအိမ်(၄)လုံး ပျက်စီးသွားသည်ဟု သိရသည်။ 

ထို့အပြင် သပြုချိန်ရွာ အနီးအနားကိုလည်း  Y12 လေယာဉ်ဖြင့် ဗုံးကြဲချခဲ့သဖြင့် နွားတစ်ကောင်လည်း ဗုံးစထိမှန် သေဆုံးသွားသည်ဟု သိရသည်။

ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော်က ၂၀၂၄ ခုနှစ် မတ်လ(၁၁)ရက်နေ့တွင် အပြီးသတ် သိမ်းယူလိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားသည်။ 

ရမ်းဗြဲမြို့သည် ရမ်းဗြဲကျွန်းပေါ်တွင်တည်ရှိသော မြို့တစ်မြို့ဖြစ်ပြီး ပလက်ဝ၊ ရက္ခိုင်စစ်ဆင်ရေး စတင်ပြီးနောက် တစ်လကျော်အကြာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် တိုက်ပွဲစတင်ခဲ့ပြီး သုံးလတာနီးပါး (၈၅)ရက်ကြာ မြို့တွင်းတိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှု၊ လေကြောင်းမှ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုတို့ကို ပြုလုပ်ခဲ့သော်လည်း ရက္ခိုင့်တပ်တော်က မြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကစဉ့်ကလျား ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်မှ လိုက်လံဖမ်းဆီးနေသည်ဟုလည်း ဆိုသည်။

(၃)လနီးပါး တိုက်ပွဲအပြင် စစ်ကောင်စီမှ ထောင်ထားသော စွန့်လွှတ်မိုင်း၊ နင်းမိုင်း၊ တိုက်မိုင်းအန္တရာယ်ကင်းစေရေးအတွက် မိုင်းရှင်းလင်းရေး အစီအစဉ်ကို ပြုလုပ်ရမည်ဖြစ်သောကြောင့် ရမ်းဗြဲမြို့ဒေသခံများအနေဖြင့် အိမ်များသို့ ချက်ချင်းဝင်ရောက်မှုကို စောလျင်စွာ မပြုလုပ်ရန် မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency

Photo: CJ