ထိုင်း - မြန်မာနယ်စပ် ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်တွင် (၂) ရက်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာ (၇၉) ဦး အဖမ်းခံရ

ထိုင်း - မြန်မာနယ်စပ် ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်တွင် (၂) ရက်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာ (၇၉) ဦး အဖမ်းခံရ
By Mr John

 မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ် ထောင်းဖဖွန်း ခရိုင်တွင် (၂) ရက်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာနိုင်ငံသား (၇၉) ဦး နှင့် လူမှောင်ခိုသွင်းသူ (၅) ဦး တို့ကို အုပ်စု (၅)စုစီ သီးခြား ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 



ပထမအမှုတွင် ရဲတပ်ဖွဲ့၊ စစ်သားများနှင့် ဒေသခံ အစိုးအရ အရာရှိများက သတင်းပေးမှု ရရှိပြီးနောက် နေအိမ်တစ်အိမ်အောက်တွင် ပုန်းအောင်းနေသော အမျိုးသား (၉) ဦးကို ၂၀၂၄ ခုနှစ် မတ်လ (၂၇) ရက်နေ့ နံနက် (၁၀) နာရီခန့်တွင် ဖမ်းဆီးခဲ့သည်။

အိမ်ပိုင်ရှင် Bunlert Borisut ကို ထိုအမျိုးသားများကို အဖမ်းမခံရစေရန် ကူညီပေးမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ 

၂၀၂၄ ခုနှစ် မတ်လ (၂၇) ရက် နှောင်းပိုင်းတွင်လည်း Thong Pha Phum လမ်းဆုံတွင် မရပ်ဘဲ မောင်းပြေးသော ပစ်ကပ်ထရပ်ကားတစ်စီးကို လိုက်လံဖမ်းဆီးရာ ကားမောင်းသမား Phongchok Worngwong-aree နှင့် ထိုကားထဲတွင် လိုက်ပါလာသော မြန်မာနိုင်ငံမှ အမျိုးသား (၇) ဦးနှင့် အမျိုးသမီး (၃) ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

တတိယအမှုအဖြစ် ၂၀၂၄ ခုနှစ် မတ်လ (၂၇) ရက်နေ့ ညနေ (၆) နာရီခွဲဝန်းကျင်တွင်လည်း သတင်းပေးမှု ရရှိပြီးနောက် ကန်ချနဘူရီပြည်နယ် သစ်တောဧရိယာတစ်ခုတွင် ပုန်းအောင်နေသည့် တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာ (၃၅) ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ၎င်းတို့အနက် အမျိုးသား (၂၅) ဦးနှင့် အမျိုးသမီး (၁၀) ဦး ပါဝင်သည်။ 

အမျိုးသမီးများအနက် ကလေးများနှင့် အမျိုးသမီးငယ် (၈) ဦးလည်း ပါဝင်ကြောင်း သိရသည်။

ထိုဖမ်းဆီးမှု မတိုင်မီ (၁) နာရီကလည်း ရဲတပ်ဖွဲ့က ဓာတ်ဆီဆိုင်တွင် ပစ်ကပ်ကားတစ်စီးကို ရှာဖွေစစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား အမျိုးသား (၆) ဦးကိုနှင့် လူမှောင်ခိုသမား ထိုင်းနိုင်ငံသား (၂) ဦးကို ဖမ်းဆီးခဲ့သည်။ 

ထို့အတူ ၂၀၂၄ ခုနှစ် မတ်လ (၂၆) ရက် ညပိုင်းတွင်လည်း လူမှောင်ခိုသွင်းသူတစ်ဦးနှင့် တရားမဝင် နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား အလုပ်အကိုင်ရှာဖွေသူ (၁၉) ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

၎င်းတို့အားလုံးကို မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုဖြင့် စွဲချက်တင်ထားသည်။ 

 

Source: Bangkok Post