အီတလီကမ်းလွန်တွင် ရွှေ့ပြောင်းလာသူများ၏ သစ်သားလှေတစ်စီး ပျက်စီးနစ်မြုပ်ခဲ့မှုအတွင်း ကလေးများ အပါအဝင် သေဆုံးသူ (၆၂) ဦးအထိ မြင့်တက်လာ

အီတလီကမ်းလွန်တွင် ရွှေ့ပြောင်းလာသူများ၏ သစ်သားလှေတစ်စီး ပျက်စီးနစ်မြုပ်ခဲ့မှုအတွင်း ကလေးများ အပါအဝင် သေဆုံးသူ (၆၂) ဦးအထိ မြင့်တက်လာ
ဖေဖော်ဝါရီ 28, 2023 | နိုင်ငံတကာသတင်း
By Mr John

အီတလီကမ်းလွန်တွင် ရွှေ့ပြောင်းလာသူများ လိုက်ပါလာသည့် သစ်သားလှေတစ်စီး ကျောက်ဆောင်နှင့်တိုက်မိပြီး နစ်မြုပ်ခဲ့မှုအတွင်း ကလေးများအပါအဝင် သေဆုံးသူအရေအတွက် (၆၁) ဦးအထိ မြင့်တက်လာကြောင်း အီတလီအစိုးရတာဝန်ရှိသူများက ၂၀၂၃ခုနှစ် ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့တွင် ပြောသည်။ 

အီတလီနိုင်ငံ တောင်ပိုင်း Calabria နယ်မြေ ကမ်းရိုးတန်းအနီးတွင် ဒေသစံတော်ချိန် ဖေဖေါ်ဝါရီလ (၂၆) ရက် နံနက်အစောပိုင်းက ဥရောပသို့ ရွှေ့ပြောင်းလာသူများကို သယ်ဆောင်လာသည့် သစ်သားလှေတစ်စီး ကျောက်ဆောင်များနှင့်တိုက်မိပြီးနောက် ပျက်စီးနစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ဒေသစံတော်ချိန် ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့၏  မွန်းလွဲပိုင်းအထိ စုစုပေါင်း လူ (၆၁) ဦး သေဆုံးပြီး (၈၀) ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း နှင့် လှေနစ်မြုပ်မှုအတွင်း ပျောက်ဆုံးနေသူများကို ရှာဖွေရေးဆက်လုပ်နေကြောင်း သိရသည်။

သေဆုံးသူများအနက် ကလေး (၁၂) ဦး ပါဝင်ကြောင်း အာဏာပိုင်များက အစောပိုင်းတွင် ပြောထားသည်။ 

အဆိုပါလှေမှာ တူရကီနိုင်ငံမှ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး အာဖဂန်နစ္စတန်၊ အီရန်နှင့် အခြား နိုင်ငံများမှ ရွှေပြောင်းလာသူများကို သယ်ဆောင်လာခဲ့ကြေင်း သိရသည်။ 

ထို့နောက် အီတလီတောင်ပိုင်း Calabria နယ်မြေ အရှေ့ဘက်ကမ်းရိုးတန်းရှိ Steccato di Cutro ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းအနီးတွင် ပင်လယ်ရေလှိုင်းကြမ်းနေစဥ် ဒေသစံတော်ချိန် ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့၏ အာရုဏ်မတက်မီအချိန်က နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။

အသက်ရှင်ကျန်သူများ အနက်မှ (၂၀) ဦးကို ဆေးရုံတင်ထားရကြောင်းနှင့် တစ်ဦးကိုမူ အထူးကြပ်မတ်ကုသဆောင်တွင် ကုသပေးနေကြောင်း သိရသည်။ 

လှေပေါ်တွင် လိုက်ပါလာသူ (၂၀) မှ (၃၀) ဦးအထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အီတလီပြည်ထဲရေးဝန်ကြီး Matteo Piantedosi က ပြောခဲ့သည်။ 

နစ်မြုပ်သွားသည့် လှေပေါ်တွင် ဥရောပသို့ ရွှေ့ပြောင်းလာသူ (၁၈၀) မှ (၂၀၀) ဦးအထိ လိုက်ပါလာခဲ့ကြကြောင်း  အသက်ရှင်ကျန်သူများက ဆိုသည်။ 

သေဆုံးသူအရေအတွက် (၁၀၀) ကျော်အထိရှိလာနိုင်ကြောင်း ခန့်မှန်းနေကြသည်။

ထိုလှေမှာ တူရကီနိုင်ငံ Izmir ဆိပ်ကမ်းမှ လွန်ခဲ့သည့် (၄) ရက်ခန့်က ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့ နှောင်းပိုင်းတွင် ဥရောပသမဂ္ဂ နယ်စပ်ရေးရာဌာန Frontex ၏ လေယာဥ်တစ်စီးက အီတလီကမ်းလွန် (၄၆) မိုင်ခန့်အကွာ၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အီတလီရဲတပ်ဖွဲ့က ပြောသည်။ 

ထို့နောက် ကင်းလှည့်ရေယာဥ်များကို ကြားဖြတ်ဟန့်တားရန် စေလွှတ်ခဲ့သော်လည်း ရာသီဥတုဆိုးရွားမှုကြောင့် ဆိပ်ကမ်းသို့ ပြန်လှည့်ခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

ကုလသမဂ္ဂ၏ Missing Migrants Project မှတ်တမ်းများအရ ၂၀၁၄ ခုနှစ်နောက်ပိုင်း အလယ်ပိုင်း မြေထဲပင်လယ်တွင် ရွှေ့ပြောင်းလာသူ ၂၀,၀၀၀ သေဆုံးခဲ့ သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

 ၂၀၂၃ ခုနှစ်တွင် သေဆုံး သို့မဟုတ် ပျောက်ဆုံးသူ (၂၂၀) ဦးကျော်ရှိခဲ့ကြောင်းလည်း Missing Migrants Project ၏ မှတ်တမ်းများက ဖော်ပြသည်။

Source: Reuters, CNN

Photo: REUTERS/Remo Casilli,