အီရန်နိုင်ငံတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများအတွင်း ကလေး (၁၉) ဦး သေဆုံး 

အီရန်နိုင်ငံတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများအတွင်း ကလေး (၁၉) ဦး သေဆုံး 
အောက်တိုဘာ 10, 2022 | နိုင်ငံတကာသတင်း
By Mr John

 အီရန်နိုင်ငံတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားစဥ် အမျိုးသမီးငယ်တစ်ဦး သေဆုံးသွားခဲ့မှုကြောင့် စတင်ခဲ့သော ဆန္ဒပြမှုများမှာ အာဏာပိုင်များက အပြင်းအထန် ဖြိုခွင်းနေမှုကို အန်တုပြီး အောက်တိုဘာလ (၉) ရက်နေ့ကလည်း နိုင်ငံတဝန်း ဆက်ရှိနေခဲ့သည်။ 

လူ့အခွင့်အရေးအုပ်စုတစ်ခု၏ ပြောကြားမှုအရ ဆန္ဒပြမှုများအတွင်း ကလေးငယ်များ အပါအဝင် သေဆုံးသူအရေအတွက် အနည်ဆုံး (၁၈၅) ဦးရှိပြီဟု သိရသည်။

ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီးနောက် သေဆုံးသွားခဲ့သည့် Masha Amini ၏ ဈာပနကို သူမ၏မြို့ Saqez တွင် စက်တင်ဘာလ (၁၇) ရက်နေ့က ပြုလုပ်ခဲ့စဥ်မှစပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။ 

ထိုဆန္ဒပြမှုများမှာ နှစ်များအတွင်း အီရန်ခေါင်းဆောင်များကို အကြီးမားဆုံး စိန်ခေါ်မှုဖြစ်လာခဲ့ပြီး ဆန္ဒပြသူများက အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင်ကြီး Ayatollah Ali Khamenei ပြုတ်ကျရေး တောင်းဆိုလာခဲ့ကြသည်။

အသက် (၂၂) နှစ်အရွယ် Amini မှာ မိသားစုနှင့်အတူ စက်တင်ဘာလ (၁၃) ရက်နေ့က တီဟီရန်မြို့သို့လာရောက်စဥ် မသင့်လျော်စွာ ဝတ်စားဆင်ယင်သည်ဟုဆိုကာ အကျင့်စာရိတ္တ ထိန်းသိမ်းရေးဆိုင်ရာ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီးနောက် သေဆုံးသွားခဲ့သည်။ 

သူမ၏ ဈာပနတွင် စတင်ခဲ့သော ဆန္ဒပြမှုများမှာ နေ့စဥ်ရက်ဆက် ရှိနေခဲ့ပြီး အီရန်အာဏာပိုင်များက အပြင်းအထန် ဖြိုခွင်းမှုများ လုပ်ဆောင်ခဲ့သည်။

"အီရန်နိုင်ငံတဝန်း ဆန္ဒပြမှုများအတွင်း ကလေးငယ် (၁၉) ဦး အပါအဝင် အနည်းဆုံး လူ (၁၈၅) ဦး သေဆုံးခဲ့ပါတယ်။ Sistan and Baluchistan ပြည်နယ်မှာ သေဆုံးမှုအရေအတွက် အများဆုံးဖြစ်ပါတယ်" ဟု နော်ဝေနိုင်ငံ အခြေစိုက် အီရန်လူ့အခွင့်အရေးအုပ်စု Iran Human Rights က အောက်တိုဘာလ (၈) ရက်နေ့တွင် ပြောသည်။

Ayatollah Ali Khamenei နှင့် အဏာပိုင်များကမူ ယခု ဆန္ဒပြမှုများကို အမေရိကန်အပါအဝင် အီရန်၏ ရန်သူများက ပူးပေါင်းကြံစည်ခဲ့ကြခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့သည်။ 

လက်နက်ကိုင် ဆန့်ကျင်မှုများနှင့် အခြား အကြမ်းဖက် ဆန္ဒပြမှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် အနည်းဆုံး (၂၀) ဦး သေဆုံးခဲ့ကြောင်းလည်း အီရန်အာဏာပိုင်များက ဆိုသည်။

ဆိုရှယ်မီဒီယာတွင် တင်ထားသည့် ဗီဒီယိုမှတ်တမ်းများအရ အောက်တိုဘာလ (၉) ရက် နံနက်ပိုင်းက အီရန်နိုင်ငံတဝန်း ဒါဇင်နှင့်ချီသည့် မြို့များတွင် ဆန္ဒပြခဲ့ကြသည်ကို တွေ့ရသည်။ 

ထိုဆန္ဒပြမှုများတွင် အထက်တန်းကျောင်းသူများနှင့် တက္ကသိုလ်ကျောင်းသူ/ကျောင်းသားများလည်း ပါဝင်ခဲ့ကြသည်။ 

လုံခြုံရေးတပ်ဖွဲ့များက မျက်ရည်ယိုဗုံး၊ လက်ကိုင်တုတ်နှင့် နေရာအများအပြားတွင် ကျည်ဆန်အစစ်များသုံးပြီး ဖြိုခွင်းခဲ့သော်လည်း ဆန္ဒပြသူများက အန်တုရင်ဆိုင်ခဲ့ကြကြောင်း သိရသည်။

အီရန်အာဏာပိုင်များကမူ ဆန္ဒပြမှုများကို ဖြိုခွင်းရာတွင် ကျည်ဆန်အစစ် အသုံးမပြုကြောင်း ငြင်းဆိုထားသည်။ 

အီရန်တွင် ၂၀၁၉ ခုနှစ်က ဓာတ်ဆီဈေးနှုန်း မြင့်တက်မှုကို ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ရာ အစိုးရက အင်အားသုံး ဖြိုခွင်းမှုကြောင့် လူ (၁,၅၀၀) သေဆုံးခဲ့ဖူးသည်။



Source: Reuters

Photo:  REUTERS,