ယူကရိန်းပြည်သူများ ဆောင်းရာသီအတွင်း အခက်အခဲများစွာ ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး ရုရှားက လျှပ်စစ်ဓာတ်အားနှင့် ရေပေးဝေမှုဆိုင်ရာနေရာများကို တိုက်ခိုက် ဖျက်ဆီး

ယူကရိန်းပြည်သူများ ဆောင်းရာသီအတွင်း အခက်အခဲများစွာ ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး ရုရှားက လျှပ်စစ်ဓာတ်အားနှင့် ရေပေးဝေမှုဆိုင်ရာနေရာများကို တိုက်ခိုက် ဖျက်ဆီး
အောက်တိုဘာ 19, 2022 | နိုင်ငံတကာသတင်း
By Mr John

 ရုရှားက နိုင်ငံ၏ စွမ်းအင်နှင့် ရေပေး‌ဝေမှုဆိုင်ရာ အခြေခံ အဆောက်အအုံများကို ဆောင်းရာသီမတိုင်မီ အရှိန်မြှင့် တိုက်ခိုက်နေကြောင်း ယူကရိန်းက ပြောသည်။ 

ရုရှား၏ ယခုတိုက်ခိုက်မှုက ယူကရိန်းတွင် အခက်အခဲများဖြစ်ပေါ်စေပြီး စိတ်ဓာတ်ကျစေရန် ကြိုးပမ်းမှုဖြစ်ကြောင်း အမေရိကန်က ဆိုသည်။ 

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ယူကရိန်း၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံ သုံးပုံတစ်ပုံနီးပါး ရုရှားတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည်။

လူဦးရေ သန်းနှင့်ချီရှိသော ယူကရိန်းမြို့များရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို ရုရှားက ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ပြီး လူသေဆုံးမှုများလည်း ရှိခဲ့သည်။ 

ယူကရိန်း၏ ဓာတ်အားပေးစက်ရုံများကို ပစ်မှတ်တိုက်ခိုက်ခဲ့ကြောင်း ရုရှားက ထုတ်ဖော်ပြောထားပြီး ယူကရိန်း၏ အဆိုအရ ရေပေးဝေမှု အခြေခံအဆောက်အအုံများလည်း ဒုံးကျည်ထိမှန်ခဲ့ကြောင်း သိရသည်။

"အခြေအနေက တစ်နိုင်ငံလုံးမှာ စိုးရိမ်စရာ ဖြစ်နေတယ်။ တစ်နိုင်ငံလုံးမှာ လျှပ်စစ်မီး၊ ရေနဲ့ အပူပေးစနစ်တွေကို ပြင်ဆင်ဖို့လိုတယ်" ဟု ယူကရိန်းသမ္မတရုံး လက်ထောက်အကြီးအကဲ Kyrylo Tymoshenko က ယူကရိန်းရုပ်မြင်သံကြားကို ပြောသည်။ 

ယခုရက်ပိုင်းအတွင်း ရုရှားက ယူကရိန်းမြို့တော် ကိဗ်မြို့နှင့် အခြားမြို့များကို ဒရုန်းနှင့် ဒုံးကျည်းများဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား သေဆုံးဒဏ်ရာရမှုများလည်း ရှိခဲ့သည်။

ရုရှားက အရပ်သားများကို အကြမ်းဖက်ပြီး သတ်ဖြတ်ရန် ဆက်လက် ကြိုးပမ်းနေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက ပြောသည်။ 

"အောက်တိုဘာလ (၁၀) ရက်ကစပြီး တစ်ပတ်အတွင်း ယူကရိန်းရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၃၀) ရာခိုင်နှုန်း ပျက်စီးခဲ့ပြီး နိုင်ငံတဝန်း လျှပ်စစ်မီးပြတ်တောက်မှုတွေ အကြီးအကျယ် ဖြစ်ပေါ်နေတယ်" ဟု ဇီလန်းစကီးက Twitter တွင် ရေးထားသည်။ 

ရုရှားတိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံတဝန်း မြို့ရွာပေါင်း (၁,၁၆၅) ခုတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်နေကြောင်း ယူကရိန်းအစိုးရ တာဝန်ရှိသူများက ပြောသည်။

ကိဗ်မြို့တော်၊ Zhytomyr နယ်မြေ၏ နေရာအများအပြား၊ Dnipro နှင့် Mykolaiv တို့တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ 

"ဒီလိုလုပ်ရပ်တွေနဲ့ အကြမ်းဖက်နိုင်ငံက သူကိုယ်တိုင် တစ်စုံတစ်ရာ ပြောင်းလဲမှာမဟုတ်ဘူး။ ဖျက်ဆီးဖို့နဲ့ လူသတ်ဖို့ပဲ အဓိကထားတာကို အတည်ပြုလိမ့်မယ်။ ဒါအတွက် သေချာပေါက် တာဝန်ခံရမယ်" ဟု ယူကရိန်းသမ္မတက Telegram တွင် ရေးသားထားသည်။

Source: Reuters, BBC

Photo: REUTERS/Valentyn Ogirenko, REUTERS/Roman Petushkov, REUTERS/Vadim Sarakhan