စွမ်းအင် အကျပ်အတည်းကြောင့် ပါကစ္စတန်တွင် တစ်ပတ်အလုပ် လုပ်ရက်ကို (၅) ရက်အဖြစ် ပြန်ပြောင်း သတ်မှတ်

စွမ်းအင် အကျပ်အတည်းကြောင့် ပါကစ္စတန်တွင် တစ်ပတ်အလုပ် လုပ်ရက်ကို (၅) ရက်အဖြစ် ပြန်ပြောင်း သတ်မှတ်
By Mr John

စွမ်းအင်အကျပ်အတည်း အကြီးအကျယ် ရင်ဆိုင်နေရသည့် ပါကစ္စတန်နိုင်ငံတွင် အစိုးရအဖွဲ့က ဇွန်လ (၇) ရက်နေ့တွင် အတည်ပြုလိုက်သော စွမ်းအင်ထိန်းသိမ်းရေး အစီအစဥ်အရ စွမ်းအင်နှင့် လောင်စာဆီ သုံးစွဲမှုလျှော့ချရန် ကြိုးပမ်းမှုတစ်ခုအဖြစ် တစ်ပတ်လျှင် တရားဝင် အလုပ် လုပ်ရက်ကို (၆) ရက်မှ (၅) ရက်သို့ ပြန်လျှော့ချသတ်မှတ်သွားမည်ဟု ပြန်ကြားရေးဝန်ကြီးဌာက ပြောသည်။

ပါကစ္စတန်တွင် နာရီများနှင့်ချီ ကြာမြင့်သည့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် စွမ်းအင်အသုံးပြုမှု လျှော့ချရေး စီစဥ်ဆောင်ရွက်လာခြင်းလည်း ဖြစ်သည်။

ပါကစ္စတန်၏ နွေရာသီလများတွင် စွမ်းအင်လိုအပ်ချက်မှာ ထုတ်လုပ်နိုင်မှုထက် ပိုမိုကျော်လွန်ခဲ့ကြောင်း သိရသည်။

ကမ္ဘာတဝန်း လောင်စာဆီဈေးနှုန်းများ မြင့်တက်မှုကလည်း နိုင်ငံခြားငွေသုံးစွဲရမှုတွင် ဖိအားတိုးလာစေပြီး ပြည်တွင်းသုံးငွေကြေးမှာ အမေရိကန်ဒေါ်လာနှင့် လဲလှယ်ရာတွင် အနိမ့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့သည်။

"ကျွန်မတို့ ပြင်းထန်တဲ့ အကျပ်အတည်းတစ်ခုကို ရင်ဆိုင်နေရပါတယ်။ ကျွန်မတို့ စွမ်းအင်ထိန်းသိမ်းရေး အစီအမံတွေလုပ်ဖို့ အရေးတကြီး လိုအပ်ပါတယ်။ စွမ်းအင်ချွေတာဖို့ ရွေးချယ်မှုတိုင်းကို ကျွန်မတို့ လုပ်ဖို့လိုပါတယ်" ဟု ပြန်ကြားရေးဝန်ကြီး Marriyum Aurangzeb က သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

ပါကစ္စတန်တွင် ရှီဘက်ဇ် ရှရစ်ဖ်က ဧပြီလအတွင်း ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီးနောက် တစ်ပတ်လျှင် တရားဝင် အလုပ် လုပ်ရက်ကို (၅) ရက်မှ (၆) ရက်သို့ တိုးမြှင့်ခဲ့ခြင်းဖြစ်ပြီး တနင်္ဂနွေ တစ်ရက်တည်းသာ ပိတ်ရက်အဖြစ် သတ်မှတ်ခဲ့သည်။

ဝန်ကြီးချုပ်က နိုင်ငံ၏ ကုန်ထုတ်စွမ်းအားကို တိုးမြှင့်လိုတာကြောင့် ထိုသို့ ပြောင်းလဲခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

သို့သော် အလုပ် လုပ်ရက် တိုးမြှင့်လိုက်ခြင်းနှင့်အတူ အစိုးရရုံးများနှင့် ဝန်ထမ်းများက လျှပ်စစ်ဓာတ်အားနှင့် လောင်စာဆီ သုံးစွဲမှု ပိုမိုများပြားလာခဲ့သည်ဟု ဆိုသည်။

ပါကစ္စတန်၏ စွမ်းအင်ချွေတာရေး အစီအစဥ်တွင် ပါဝင်သည့် ဝန်ကြီးများနှင့် အစိုးရအရာရှိများကို လောင်စာဆီထောက်ပံ့ပေးမှုကိုလည်း (၄၀) ရာခိုင်နှုန်း လျှော့ချဖြတ်တောက်မည့် အစီအစဥ်ကိုလည်း အစိုးရအဖွဲ့က အတည်ပြုပြီးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးက ပြောသည်။

ထို့အပြင် အစိုးရနှင့် အစိုးရတစ်ပိုင်း ရုံးများအတွက် သောကြောနေ့များတွင် နေအိမ်ကနေ အလုပ်လုပ်ရန်နှင့် ဈေးများ အချိန်စောပိတ်ရန် အစီအစဥ်ရေးဆွဲမည့် ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းလိုက်ကြောင်း ၎င်းကဆိုသည်။

ပါကစ္စတန်တွင် နွေရာသီလများအတွင်း အချို့နေရာများ၌ အပူချိန် (၅၀) ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်နေစဥ် မြို့ပြနေရာများကို တစ်ရက်လျှင် (၄) နာရီမှ (၆) နာရီကြာ ဓာတ်အားဖြတ်တောက်ပြီး မြို့စွန်နေရာများတွင် (၈) နာရီကျော်ကြာ ဓာတ်အားဖြတ်တောက်ထားခဲ့သည်။

လက်ရှိတွင် ပါကစ္စတန်၏ ဓာတ်အားလိုအပ်ချက်မှာ (၂၅,၆၀၀) မဂ္ဂါဝပ်နှင့် ဓာတ်အားထုတ်လုပ်မှုမှာ (၂၁,၀၀၀) မဂ္ဂါဝပ် ဖြစ်နေရာ (၄,၆၀၀) မဂ္ဂါဝပ် ကွာဟချက်ရှိနေကြောင်း Marriyum Aurangzeb က ပြောသည်။

ယခုကြုံနေရသည့် အခြေအနေမှာ ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ဝန်ကြီးချုပ် အမ်ရန်ခန်း၏ ယခင်အစိုးရလက်ထက်တွင် လျှပ်စစ်ဓာတ်အားကဏ္ဍကို စီမံခန့်ခွဲမှု လွဲမှားခဲ့ခြင်းကြောင့်ဖြစ်သည်ဟု လက်ရှိဝန်ကြီးချုပ်ရှရစ်ဖ် အစိုးရအဖွဲ့က အပြစ်တင်ခဲ့သည်။

အမ်ရန်ခန်းနှင့် ၎င်း၏လက်ထောက်များကမူ အပြစ်တင်မှုများကို ငြင်းဆိုခဲ့သည်။

စွမ်းအင်ဈေးနှုန်းများ မြင့်တက်မှုနှင့်အတူ ပါကစ္စတန်နိုင်ငံတွင် နိုင်ငံခြားအရန်ငွေမှာ အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံအောက် လျော့ကျသွားခဲ့ပြီး ငွေပေးချေမှု လက်ကျန်ပြဿနာကို ရင်ဆိုင်နေရသည်။

ပါကစ္စတန်၏ လက်ရှိ နိုင်ငံခြားအရန်ငွေပမာဏမှာ ပြည်ပသွင်းကုန် (၄၅) ရက်စာဝန်းကျင်အတွက် လုံလောက်သည်ပမာဏဟု ဆိုသည်။ ပါကစ္စတန်တွင် ငွေကြေးဖောင်းပွမှု ရာခိုင်နှုန်းမှာလည်း ဂဏန်း (၂) လုံးဖြစ်နေကြောင်း သိရသည်။

 

Source: Reuters