ထိုင်းနိုင်ငံအတွင်း   ခရိုင် (၂၈)ခုကို ဇန်နဝါရီ (၄) ရက်မှစ၍ Lockdown သတ်မှတ်

ထိုင်းနိုင်ငံအတွင်း   ခရိုင် (၂၈)ခုကို ဇန်နဝါရီ (၄) ရက်မှစ၍ Lockdown သတ်မှတ်
ဇန်နဝါရီ 4, 2021 | Covid-19| နိုင်ငံတကာသတင်း

ထိုင်းနိုင်ငံတွင် COVID 19 ကူးစက်မှုမြင့်နေသည့် ခရိုင် (၂၈) ခုကို အနီရောင်အဆင့် သတ်မှတ်ကြေညာလိုက်ပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှစ၍ Lockdown ဧရိယာအဖြစ် ထိုင်းဝန်ကြီးချုပ်က သတ်မှတ်ကြေညာလိုက်သည်။

အဆိုပါဒေသများတွင် ခရီးသွားလာခြင်းမပြုရန်၊ လူစုလူဝေးမလုပ်ရန်၊ ကျောင်းများ၊ သင်တန်းများအားလုံးပိတ်ရန်၊ လုပ်ငန်းခွင်များသို့မသွားဘဲ နေအိမ်မှ အလုပ်လုပ်ရန်သတ်မှတ်လိုက်သည့်အပြင် စားသောက်ဆိုင်အားလုံး မနက် (၆)နာရီမှ ည (၇)နာရီအထိသာ ဆိုင်ထိုင်ရောင်းခွင့်ပြုမည်ဖြစ်ပြီး အရက်ဘီယာရောင်းချမှုကို တားမြစ်ထားသည်။

အနီရောင်အဆင့်သတ်မှတ်ထားသည့် ခရိုင် (၂၈) ခုတွင် မလိုအပ်ဘဲ အပြင်ထွက်သွားလာခြင်းကို တားမြစ်ထားပြီး ဝင်ထွက်သွားလာသည့် မော်တော်ယာဉ်များအားလုံးကို စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း ဘန်ကောက်၊ တက်ခ်၊ နွန်သဘူရီ၊ ပသူဌာနီ၊ အယုဒ္ဓယ၊ ဆာရာဘူရီ၊ လော့ဘူရီ၊ ဆမ်ဘူရီ၊ အန်ထောင်၊ နခွန်နယော့၊ ကန်ချနဘူရီ၊ နခွန်ပထုန်၊ ရတ်ချဘူရီ၊ ဆူဖန်ဘူရီ၊ ပရာချခီရီကန်၊ ဖက်ချဘူရီ၊ စမုစခွန်၊ စမုဆွန်ခရန်၊ ချာချောင်ဆန်၊ ပရာချန်ဘူရီ၊ ဆာခွန်း၊ စမုပရာကန်၊ ချန်သဘူရီ၊ ခွန်ဘူရီ၊ ထရတ်၊ ရနောင်း၊ ချန်ဖွန်နှင့် လရောင်ခရိုင်တို့ကို ဇန်နဝါရီလ (၄)ရက်နေ့မှစ၍ အနီရောင်အဆင့်ဒေသများအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း COVID 19 ကူးစက်မှုပြန်လည်မြင့်တက်လာမှုအား ဖြေရှင်းရန် ထိုင်းဘတ်ငွေ (၁၁.၃)ဘီလီယံသုံးစွဲမည်ဟု အစိုးရအဖွဲ့ကအတည်ပြုထားပြီး ကာကွယ်ရေးလုပ်ငန်းများအတွက် (၄.၃) ဘီလီယံ၊ ကုသရေးအတွက် (၇)ဘီလီယံ၊ အထောက်အကူပစ္စည်းများအတွက် (၂၇) မီလီယံသုံးစွဲမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

Source: The Nation, Bangkok Post, CTN News

 

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။