ထိုင်းနိုင်ငံ လောပ်ဘူရီပြည်နယ်တွင် မျောက်များ၏ တိုက်ခိုက်ခံရသူများ လျော်ကြေးငွေ ရမည်

 ထိုင်းနိုင်ငံ လောပ်ဘူရီပြည်နယ်တွင် မျောက်များ၏ တိုက်ခိုက်ခံရသူများ လျော်ကြေးငွေ ရမည်
By Mr John

 ထိုင်းနိုင်ငံ လော့ပ်ဘူရီပြည်နယ်တွင် ကြီးထွားလာသော ပြဿနာတစ်ခုဖြစ်သည့် မျောက်များ အပါအဝင် တောရိုင်းတိရစ္ဆာန်များ၏ တိုက်ခိုက်ခံရသူများကို လျော်ကြေးပေးခြင်းနှင့် ပတ်သက်၍ စည်းမျဥ်းများကို သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနက အတည်ပြုလိုက်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် မတ်လ (၂၃) ရက်နေ့တွင် စတင်သက်ရောက်သော ထိုစည်းမျဥ်းအသစ်များကို သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီး ရဲဗိုလ်ချုပ်ကြီး Patcharawat Wongsuwon က လက်မှတ်ရေးထိုးထားပြီးဖြစ်ကြောင်း အမျိုးသားဥယျာဥ်များ၊ တောရိုင်းတိရိစ္ဆာန်နှင့် အပင် ထိန်းသိမ်းစောင့်ရှောက်ရေးဌာနက ၂၀၂၄ ခုနှစ် မတ်လ (၂၄) ရက်နေ့တွင် ပြောသည်။



စည်းမျဥ်းအသစ်အရ မျောက်များ အပါအဝင် တောရိုင်းတိရိစ္ဆာန်များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသူ၊ မသန်စွမ်းဖြစ်သွားသူ သို့မဟုတ် မျက်လုံး (၂) လုံး၊ လက် (၂) ဖက် သို့မဟုတ် ခြေထောက် (၂) ဖက်လုံး ဆုံးရှုံးရသူ တစ်ဦးစီအတွက် ဘတ် (၁၀၀,၀၀၀) လျော်ကြေးငွေပေးရန် သတ်မှတ်ထားပြီး လျော်ကြေးငွေများကို အမျိုးသားဥယျာဥ်များ၊ တောရိုင်းတိရိစ္ဆာန်နှင့် အပင် ထိန်းသိမ်းစောင့်ရှောက်ရေးဌာနက ပေးသွားမည်ဖြစ်ကြောင်း သိရသည်။



အခြား ဒဏ်ရာများအတွက် လျော်ကြေးငွေကို ဒဏ်ရာအခြေအနေပေါ်မူတည်၍ ပေးသွားမည်ဖြစ်သော်လည်း ဘတ် (၃၀,၀၀၀) ဟု သတ်မှတ်ထားသည်။ 

အဆိုပါ ဒဏ်ရာရသူများမှာ နေ့စဥ် လျော်ကြေးငွေ ဘတ် (၃၀၀) အထိကိုလည်း ရက် (၁၈၀) ကြာအထိ ရရှိမည်ဟု ဆိုသည်။ 

စည်းမျဥ်းအသစ်များအရ မျောက်များ၊ ဆင်များ၊ နွားရိုင်းများနှင့် ဝက်ဝံများ၏ တိုက်ခိုက်ခံရသူများအတွက် လျော်ကြေးငွေရရှိမည် ဖြစ်သည်။



လော့ပ်ဘူရီပြည်နယ်တွင် အစားအစာ လုယူရန် မျောက်များ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရမှုများ မကြာသေးမီက မြင့်တက်လာစဥ် ယခု စည်းမျဥ်းအသစ်များ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ 

ထိုပြည်နယ်တွင် တောရိုင်းမျောက် အများအပြားမှာ လူနေရပ်ကွက်များထဲတွင် နေထိုင်ကြသည်။ 

ပူပြင်းသော ရာသီအတွင်း အစားအစာ မရရှိချိန်တွင် မျောက်များမှာ ရန်လိုလာကြောင်း အမျိုးသားဥယျာဥ်များ၊ တောရိုင်းတိရိစ္ဆာန်နှင့် အပင် ထိန်းသိမ်းစောင့်ရှောက်ရေးဌာနက ပြောသည်။



မျောက်တိုက်ခိုက်ခံမှုကြောင့် ဒဏ်ရာရခဲ့သည့် အမျိုးသမီးတစ်ဦးက သူမ၏ ဆေးကုသမှု ကုန်ကျစရိတ် ပြန်ကာမိစေရန် ကြိုးပမ်းမှုအဖြစ် ၂၀၂၄ ခုနှစ် မတ်လ (၈) ရက်နေ့က ရဲစခန်းတွင် တိုင်ချက်ဖွင့်ခဲ့သည့် ဖြစ်စဥ်တစ်ခု ရှိခဲ့သည်။

Arikanta Kanchanasinmetha အမည်ရှိ ထိုအမျိုးသမီးက လော့ပ်ဘူရီပြည်နယ် Muang ခရိုင်ရှိ Tha Hin ရဲစခန်းတွင် တိုင်ချက်ဖွင့်ခဲ့ခြင်းဖြစ်ပြီး သူမလည်း လျော်ကြေးငွေရမည် ဖြစ်သည်။

 Source: Bangkok Post

Photo: PR  Lopburi